Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက်က ယာဉ်တိုက်မှုမှာ တက္ကသိုလ်ကျောင်းသား သေဆုံးခဲ့မှုအတွက် တရားမျှတမှု ရဖို့ မိသားစု တောင်းဆို

ဘန်ကောက်မြို့က တက္ကသိုလ် တစ်ခုအနီး မြန်မာကျောင်းသားတစ်ယောက် သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ကျန်ရစ်သူ မိသားစုက တရားမျှတမှု ရရှိရေး တောင်းဆိုထားတဲ့အပေါ် ထိုင်းမီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။

Aung Hein Thant/Facebook

ဘန်ကောက်မြို့က တက္ကသိုလ် တစ်ခုအနီး မြန်မာကျောင်းသားတစ်ယောက် သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ကျန်ရစ်သူ မိသားစုက တရားမျှတမှု ရရှိရေး တောင်းဆိုထားတဲ့အပေါ် ထိုင်းမီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် မြန်မာကျောင်းသား တစ်ဦးက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့မှာ သူ့ရဲ့ အစ်ကိုဖြစ်သူ သေဆုံးခဲ့ရတဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး သေဆုံးသူ တက်ရောက်ခဲ့တဲ့ Assumption တက္ကသိုလ်နဲ့ တင်ပို့ခဲ့တဲ့ Ruamchai Pracharug ဆေးရုံတို့ရဲ့ ပေါ့လျော့မှု၊ မလိုအပ်တဲ့ ကြန့်ကြာမှု၊ တာဝန်မဲ့မှုတွေကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တဲ့အကြောင်း Thaiger သတင်းဌာနက ရေးသားထားခဲ့ပါတယ်။

ဖြစ်စဉ်တစ်ခုလုံးမှာ ဆေးရုံနဲ့ တက္ကသိုလ်ရဲ့ အံ့ဩတုန်လှုပ်စရာ ညံ့ဖျင်းတဲ့၊ တာဝန်မဲ့တဲ့၊ ကြိုးနီစနစ်ဆန်တဲ့ ကိစ္စတွေ ပါဝင်နေတယ်လို့ ထိုင်းသတင်းဌာနက ဆိုပါတယ်။

သေဆုံးသူ ကျောင်းသားဟာ အခင်းဖြစ်တဲ့ နေ့တုန်းက သူတက်ရောက်နေတဲ့ တက္ကသိုလ်နားမှာ အသက် ၁၇ နှစ်အရွယ် ဝမ်းကွဲညီနဲ့အတူ ဆိုင်ကယ် စီးနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အသက် ၄၀ အရွယ် ထိုင်းအမျိုးသား တစ်ဦး မောင်းနှင်တဲ့ ကားဟာ မျဉ်းသေကို ဖြတ်ပြီး ရုတ်တရက် ဂငယ်ကွေ့ ကွေ့လိုက်တာကြောင့် လူငယ်နှစ်ယောက် ပါလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်တိုက်မှုက အရမ်းဆိုးရွားခဲ့ပေမယ့် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးပါတဲ့ သက်သေ အထောက်အထားတွေ ရယူဖို့ တက္ကသိုလ်ရဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေ၊ ကားမှာ တပ်ဆင်ထားရမယ့် black box ကင်မရာ မှတ်တမ်းတွေက လက်စဖျောက် ခံထားရတယ်လို့ ဆိုပါတယ်။

ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ ကျောင်းသားဟာ ခြစ်ခြစ်တောက် ပူနေတဲ့ နိုင်လွန် ကတ္တာရာ လမ်းပေါ်မှာ သွေးတွေထွက်ရင်း တစ်နာရီလောက် ကြန့်ကြာမှုကို ကြုံခဲ့ရပါတယ်။ တက္ကသိုလ်မှာ လူနာတင်ယာဉ် ရှိပေမယ့် ပုံမှန် စစ်ဆေးမှု ကင်းမဲ့နေတာကြောင့် ဘီးပေါက်နေခဲ့ပြီး သုံးလို့မရပါဘူး။

သွေးအလူးလူးနဲ့ လူနာကို နေရာမရွှေ့ဖို့ သတိပေး တားမြစ်တာတွေ ရှိပေမယ့် မနေနိုင်တဲ့ သူငယ်ချင်းတွေဟာ အချိန်နှောင်းပြီးမှ ရောက်လာတဲ့ ဆေးရုံကားပေါ် သူ့ကို ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။ အဲဒီအချိန်ထိ တက္ကသိုလ် ဝန်ထမ်းတွေရော၊ လုံခြုံရေး ဝန်ထမ်းတွေပါ လုံးဝ ဝင်မကူညီခဲ့ပါဘူး။

နောက်တော့ ကျောင်းသားကို တက္ကသိုလ်နဲ့ ချိတ်ဆက်ထားတဲ့ Ruamchai Pracharug ဆေးရုံဆီ ခေါ်သွားခဲ့ပေမယ့် ပတ်စ်ပို့တ် ပါမလာရင် ကုသမပေးဘူးလို့ ဆေးရုံဝန်ထမ်းတွေက ပြောတာကြောင့် ညီဖြစ်သူဟာ အိမ်ပြန်ပြီး ပတ်စ်ပို့တ် ယူပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလိုမျိုး မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဆက်တိုက် ကြုံခဲ့တဲ့အခါ ဆရာဝန်တွေက လူနာရဲ့ ထိခိုက်ထားတဲ့ ဦးနှောက်ကို ခွဲစိတ်မယ့် အချိန်ရောက်တော့ အသက်ရှင်နိုင်ခြေဟာ ၁၀ ရာခိုင်နှုန်းလောက်သာ ကျန်ပါတော့တယ်။ ပြီးတော့ ကံမကောင်းစွာနဲ့ဘဲ လူနာကို လက်လွှတ်ခဲ့ရပါတယ်။

လူနာ ကွယ်လွန်သွားပြီးတဲ့နောက် သောကဗျာပါဒ များနေတဲ့ မိသားစုအတွက် နောက်ထပ် ရင်နာစရာတွေ ထပ်ကြုံရပြန်ပါတယ်။ အလောင်းပြန်လိုချင်ရင် ဘတ် ၂ သိန်းကုန်ကျစရိတ်တွေ ပေးချေရမယ်လို့ ဆေးရုံက အကျပ်ကိုင်ခဲ့ပါတယ်။ မိသားစုက ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တရားရေးအရ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အခါကျမှ တက္ကသိုလ်က လာညှိပြီး နာရေးကူငွေ သဘောမျိုး ဘတ် ၂ သောင်းလောက်နဲ့ ကျေအေးပေးဖို့ ကြိုးစားခဲ့ပါတယ်။

တက္ကသိုလ်ရဲ့ အရာရှိ တစ်ယောက်က သေဆုံးသူရဲ့ ညီကို တကယ်လို့ မြန်မာနိုင်ငံ မပြန်ချင်ဘူးဆိုရင် ထိုင်းနိုင်ငံအပေါ် လေးစားမှုထားဖို့ အေးစက်စက်နဲ့ သတိပေးသွားခဲ့သေးတယ်လို့ ဆိုပါတယ်။

အမှုကိစ္စအတွက် ရဲစခန်းကို ရောက်တဲ့အချိန်မှာ တက္ကသိုလ်ရဲ့ ကိုယ်စားလှယ်တွေက ရယ်ရယ်မောမောနဲ့ ပေါ့ပျက်ပျက် စကားတွေ ပြောနေခဲ့ပြီး စိတ်မကောင်းဟန် လုံးဝ မပြခဲ့ဘူးလို့ သိရပါတယ်။ လူတစ်ယောက်လုံး ဆုံးရှုံးသွားတဲ့ ကျန်ရစ်သူ မိသားစုဟာ အဲဒီကာလတွေမှာ စာနာမှု ကင်းမဲ့တဲ့ အခြေအနေတွေကြား ပိုပြီး ခက်ခဲကြမ်းတမ်းစွာ ဖြတ်ကျော်ခဲ့ရပါတယ်။

ဒါတင် မကသေးဘဲ ကျန်ရစ်သူ မိသားစုကို အကူအညီပေးတဲ့ မြန်မာတချို့နဲ့ သင်ကြားရေး ဝန်ထမ်း တချို့တောင်မှ အနှောင့်အယှက်ပေးတာ၊ ခြိမ်းခြောက်တာတွေ ကြုံခဲ့ရတာ ဖြစ်တယ်လို့ Volg by_Juliaဆိုတဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်။ ဆရာမ တစ်ယောက်ဟာ ယာဉ်တိုက်မှု ကျူးလွန်သူ ယာဉ်မောင်းနဲ့ ပါလာသူ တစ်ယောက်က ရဲစခန်းထဲမှာတင် အသက်အန္တရာယ် ခြိမ်းခြောက်စကား ပြောတာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ မိသားစုဟာ ယာဉ်မောင်း အမျိုးသားကိုရော၊ ဆိုးဆိုးရွားရွား တာဝန်ပျက်ကွက် ပေါ့ဆခဲ့တဲ့ တက္ကသိုလ်ကိုပါ တရားစွဲဖို့ စိတ်ပိုင်းဖြတ်ထားပြီ ဖြစ်ပါတယ်။ ကျေအေး ညှိနှိုင်းဖို့ ချဉ်းကပ်မှုတွေ ရှိပေမယ့် မိသားစုဖက်က ငြင်းဆန်ပြီး ထိုက်သင့်တဲ့ တရားမျှတမှုအတွက် တောင်းဆိုသွားမယ်လို့ Thaigerက ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ တက္ကသိုလ်ဖက်က စီမံကိုင်တွယ်ပုံတွေ အရမ်းညံ့ဖျင်းတာ လူသိရှင်ကြား ဖြစ်လာတဲ့နောက် ကျောင်းသူကျောင်းသားတွေနဲ့ မိသားတွေ ကြားမှာပါ စိတ်ပူပန်မှုတွေ၊ ဒေါသထွက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ကိုးကား: Thaiger

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းနဲ့ ဖုန်းခေါ်ဆိုမှုတွေကနေ ငွေကြေး လိမ်လည်တဲ့ ကျားဖြန့် လုပ်ငန်းတွေ ဦးဆောင် ဖွင့်လှစ်နေကြောင်း စွပ်စွဲချက်နဲ့ ဂျပန် ယာကူဇာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် တစ်ဦးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က အကောက်ခွန် ရုံးဝင်းထဲမှာ မီးလောင်မှုကြောင့် ရုံးဝင်းထဲမှာ ရပ်နားထားတဲ့ သိမ်းယူထားတဲ့ မော်တော်ကား အစီး ၃၀၀ လောက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း

အိမ်နီးချင်း မြန်မာနိုင်ငံထဲက ရွှေတူးဖော်မှုတွေဟာ ထိုင်းနိုင်ငံဖက်ခြမ်းမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက် ညစ်နွမ်းမှုတွေ ကြီးကြီးမားမား ကြုံတွေ့စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ ဆောက်လုပ်ဆဲ တံတားတစ်စင်းရဲ့ ကွန်ကရစ် အပိုင်း ပြိုကျမှုကြောင့် ဆောက်လုပ်ရေး အလုပ်သမား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။