ရဲခေါင်/People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ မကျီးပင်တဲကျေးရွာနှင့်အနီးကို စစ်ကောင်စီတပ်က စက်တပ်လေထီးနှစ်စီးဖြင့် ယနေ့(မတ်လ ၁၈ရက်)နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်။
တောင်သာမြို့နှင့် မိုင် (၅၀)ခန့်အကွာရှိ မိတ္ထီလာမြို့အခြေစိုက် လေယာဥ်မောင်းသင်တန်းကျောင်းမှတဆင့်လာရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“မကျီးပင်တဲကျေးရွာနှင့်အနီးတစ်ဝိုက်သို့ ဗုံးသီး ရှစ်လုံးချရာ ပြည်သူ့နေအိမ်တစ်လုံး၊ ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်၊ပြည်သူထိခိုက်မရှိကြောင်းသိရ”ဟု လူထုလှုပ်ရှားမှုကော်မတီ တောင်သာမြို့နယ်တာဝန်ရှိသူက အသိပေးသည်။

Public Service Announcement
မကျီးပင်တဲကျေးရွာသည် တောင်သာမြို့နယ်၏ အရှေ့မြောက်ဘက်ခြမ်းတွင်ရှိကာ နွားထိုးကြီးမြို့ နယ်နှင့်လည်း နီးကပ်လျက်ရှိသည်။
မတ်လ ၁၅ ရက်ကလည်း စစ်ကောင်စီတပ်သည် မကျီးချိုကျေးရွာနှင့် ဆီဆုံကုန်းကျေးရွာကိုလည်း စက်တပ်လေထီးဖြင့် ဗုံးသီးကိုးလုံးချ တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သည် ၂၀၂၅နှစ်ဆန်းပိုင်းကစ၍ စက်တပ်လေထီးဖြင့် တိုက်ခိုက်မှုကို နိုင်ငံတစ်ဝန်း၌ တွင်ကျယ်စွာအသုံးပြုလာခဲ့မှုအနက် တောင်သာမြို့နယ်မှာ အများဆုံးတိုက်ခိုက်ခံနေရသည်။
စစ်ကောင်စီတပ်သည် ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသောကြောင့် လေယာဉ်သံနှင့် စက်နက်လေထီးသံကြားပါက ဗုံးခိုကျင်းအတွင်းသာ ခိုအောင်းရန် လူထုလှုပ်ရှားမှုကော်မတီတောင်သာက တိုက်တွန်း ထားသည်။




















































