နိုင်ပကောင်း/People’s Spring
ထိုင်း – မြန်မာ နယ်စပ်က ခြေကုပ်စခန်းကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ (မတ်လ ၁၈ရက် ) မနက်ပိုင်းအစောပိုင်း ၃ နာရီကျော်က ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ်ကို ဒရုန်းနဲ့ သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုမရှိဘူးလို့ KNU တပ်မဟာ (၇) သတင်းရင်းမြစ်ထံကသိရပါတယ်။
ထိုင်းနယ်စပ်အနီး တပ်မဟာ (၇) နယ်မြေထဲမှာ ရှိတဲ့ KNU ဗဟိုဌာနချုပ် ဒီမနက်အစောပိုင်း ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမှာ အဆောက်အဦး အနည်းငယ် ပျက်စီးပေမယ့် လူသူ ထိခိုက်မှုမရှိဘူးလို့ သတင်းရင်းမြစ်က အသိပေးပါတယ်။
ဗဟိုဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အသေစိတ်အခြေအနေကို သိရဖို့ KNU ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့ နေ့လယ်ပိုင်း ၁၂ နာရီ အထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

Public Service Announcement
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့မှာ စစ်ကောင်စီတပ်က ဗျူဟာစခန်းတစ်ခု အခြေစိုက်ထားပြီး KNU ဗဟိုဌာနချုပ်အပါအဝင် ရှမ်းရွာသစ်မြို့အနီးတဝိုက်ရှိ KNU စခန်းတွေကို ဒရုန်း နဲ့ မကြာခဏ တိုက်ခိုက်လေ့ရှိတယ်လို့ တပ်မဟာ (၇) သတင်းရင်းမြစ်က ပြောပါတယ်။
တပ်မဟာ (၇) နယ်မြေ ထဲက KNU ဌာနချုပ် နေရာဟောင်း မာနယ်ပလော ဒေသရှိ တပ်စခန်းတွေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာလအတွင်း လက်လွှတ်လိုက်ရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ တပ်မဟာ (၇) မှာ ရှိတဲ့ KNU စခန်းတွေကို ဒရုန်းတွေ သုံးပြီး ကင်းထောက်တာ ၊ ဗုံးချ တိုက်ခိုက်တာ တွေ ခပ်စိပ်စိပ်လုပ်ဆောင်လာတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တပ်မဟာ (၇) နယ်မြေ ၊ထိုင်း – မြန်မာနယ်စပ်အနီးက ပူလူတူ စခန်းကို စစ်ကောင်စီတပ်ဟာ ထပ်မံ ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီစခန်းကို ဆုံးရှုံးပြီး လေးရက်အကြာမှာပဲ KNU ဌာနချုပ်ကို ဒရုန်းနဲ့ တန်ပြန် တိုက်ခိုက်တာ ဖြစ်ပါတယ်။
KNU ဗဟိုဌာနချုပ်ဟာ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလအတွင်းက တစ်ကြိမ် ၊ အခုနှစ် ဇန်နဝါရီလ ကရင့်တော်လှန်ရေးနေ့မှာ တစ်ကြိမ် စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်တာကို ကြုံထားရပါတယ်။


















































