Connect with us

Hi, what are you looking for?

သတင်း

နောင်ချို အုမ္မသီးလမ်းခွဲရှိ နောက်ဆုံးလက်ကျန်ဘုန်းကြီးကျောင်း လေကြောင်းမတိုက်ခိုက်ရန် ဆရာတော်မေတ္တာရပ်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာလမ်းခွဲရှိ ဒေသခံများစစ်ဘေးရှောင်နေသည့် တစ်ခုတည်းကျန်ရှိ‌သော ဘုန်းကြီးကျောင်းအတွင်း လက်နက်ကိုင်တပ်ဖွဲ့များမရှိကြောင်းနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်ခြင်းမလုပ်ရန် အဆိုပါကျောင်းထိုင်ဆရာတော်က မေတ္တာရပ်ခံလိုက်သည်။

နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာလမ်းခွဲရှိ ဒေသခံများစစ်ဘေးရှောင်နေသည့် တစ်ခုတည်းကျန်ရှိ‌သော ဘုန်းကြီးကျောင်းအတွင်း၌ တွေ့ရသော ဒေသခံစစ်ရှောင်များ။ ဓာတ်ပုံ - Ashin Dama/Fb

မတ်-၁၉၊၂၀၂၅။​ ကဖေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာလမ်းခွဲရှိ ဒေသခံများစစ်ဘေးရှောင်နေသည့် တစ်ခုတည်းကျန်ရှိ‌သော ဘုန်းကြီးကျောင်းအတွင်း လက်နက်ကိုင်တပ်ဖွဲ့များမရှိကြောင်းနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်ခြင်းမလုပ်ရန် အဆိုပါကျောင်းထိုင်ဆရာတော်က မေတ္တာရပ်ခံလိုက်သည်။

အုမ္မသီးလမ်းခွဲရှိ နေအိမ်များသည် ဗုံး၊လက်နက်ကြီးနှင့် ဂျက်ဖိုက်တာများဒဏ်ကြောင့် တစ်ရွာလုံးပြာကြနေပြီဖြစ်၍ ရွာသူ၊ရွာသားများမှာ ပြေးစရာနေရာမရှိတော့ဟု ဆရာတော်က လူမှုကွန်ရက်မှတဆင့် အသိပေးသည်။

” ခိုလှုံစရာ နေရာဆို၍ လမ်းခွဲဘုန်းကြီး ကျောင်းသာရှိတာ့ပါသည်။ ကျောင်းအတွင်း၌လည်း မည်သည့် လက်နက်ကိုင်များမရှိပါ။ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့များအနေဖြင့်ကြည့်ရှု့စောင့်ရှောက်ပေးကြပါရန်ဦးပုဇင်း အနေဖြင့်အနူးအညွတ်တောင်းပန်အပ်ပါသည်”ဟု ဆရာတော်က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မတ်လ ၁၆ရက်က နောင်ချိုမြို့ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး လေးလုံးကြဲပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့သောကြောင့် စာသင်တိုက်အတွင်းရှိရဟန်း ၂ပါးနှင့် သာမဏေ ၄ပါးနှင့် အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၂ဦးအပါအဝင် စုစုပေါင်း ၉ဦး သေဆုံးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။

ထို့အပြင် နေအိမ်နှင့် ကျောင်းဆောင်အများအပြားပျက်စီးခဲ့ပြီး သံဃာတော် ၁၃ပါး နှင့် အရပ်သား၄ဦးလည်း ဒဏ်ရာရရှိခဲ့ပါသည်ဟု TNLAက ထုတ်ပြန်ခဲ့သည်။

နောက်ထပ်လေကြောင်းတိုက်ခိုက်မည့်အန္တရာယ်စိုးရိမ်၍ အုမ္မသီးကျေးရွာမှ ဆရာတော်က မေတ္တာရပ်ခံခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း နောင်ချိုမြို့နယ်၌ အမြောက်တပ်များရှိသော တောင်းခမ်းနှင့် ပြင်ဦးလွင်မြို့နယ်အစပ် အုမ္မသီးကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၁၄ရက်နှင့် မတ်လ ၁၅ရက်တွင် ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဂန့်ဂေါရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။ မတ်လ ၁၄ရက်က အုမ္မသီးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက ဓာတုဗုံးအသုံးပြုပြီး လေကြောင်းမှတိုက်ခိုက်၍ တော်လှန်ရေးရဲဘော်အချို့ မူးဝေအော့အန်မှုဖြစ်ခဲ့သည်ဟု မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် မတ်လ ၁၅ရက်တွင်လည်း အုမ္မသီးကျေးရွာလမ်းဆုံအနီးတွင် တိုက်ပွဲဖြစ်ပွားနေည်ဟု ဒေသခံများက ပြောသည်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ် သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်အတွင်း ၂၀၂၄ အောက်တိုဘာ ၂၂ရက်က စစ်‌ကြောင်းထိုးဝင်ရောက်လာပြီးနောက် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များရှိနေသော ဂန့်ဂေါရွာသို့ ရောက်ရှိလာ၍ စတင်တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထို့အပြင် နောင်ချိုမြို့နှင့် မိုင်(၂၀)ခန့်ဝေးသော စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ရှိရာ တောင်ခမ်းကျေးရွာ၌ တိုက်ပွဲဆက်လက်ပြင်ထန်နေပြီး တအာင်းတပ်မတော်(TNLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်း ဖြစ်သည်။

တောင်းခမ်းဒေသရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမတ(၃၅၄)တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု တောင်းခမ်းဒေသစစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်ခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ရင်းရှိသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေ၍ မိဘပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် TNLAက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၄၂၂)ခြေမြန်တပ်ရင်း (ခမရ−၄၂၂)က ယနေ့(ဧပြီ ၁၈ ရက်) နံနက် ၁၀နာရီခွဲခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံအချို့ က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဧပြီ-၉၊၂၀၂၅။ရှိန်း/People’s Spring မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာ‌​တွေမှာ စစ်ဘေးရှောင်လာ နေကြတဲ့ပြည်သူတွေဟာ ငလျင်ဒဏ် ကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေလိုအပ် နေတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။ ပုသိမ်ကြီးမြို့နယ်၊တဲကုန်း၊မဲကင်းကုန်း နဲ့ ကုန်းတန်းကျေးရွာတွေမှာ စစ်ကိုင်းငလျင်​ကြောင့် အနည်းဆုံး စုစုပေါင်းလူဦး ရေ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။...

သတင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို ယနေ့(မတ်လ၂၅ရက်) ည၇ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်များအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

သတင်း

ဧရာဝတီတိုင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ်ထိစပ်နယ်မြေများတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီက တားမြစ်မှုများရှိနေကြောင်း သတင်းရရှိသည်။