ဧပြီ ၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် အာမခံကျေးရွာတွင် ကလေး ၃ဦးအပါအဝင် အရပ်သား ၇ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။
“ကလေး ၃ယောက်၊ အမျိုးသမီး ၃ယောက်၊ အမျိုးသားတစ်ယောက်။ ဖမ်းခေါ်သွားပြီး သတ်တာ”ဟု ကောလင်းမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ ဒေသခံပြည်သူ ခုနစ်ဦးအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုမှာ ဧပြီ၂၇ရက် နံနက် ၇နာရီခန့်ကဖြစ်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ လက်ချက်ဖြစ်ကြောင်း ဒေသတွင်းသတင်းများဖော်ပြပေးနေသော Kawlin infoက ထုတ်ပြန်သည်။

Public Service Announcement
ကလေးငယ်အပါအဝင် ခုနစ်ဦးသည် သာမန်ဈေးသည်များဖြစ်ပြီး ဝန်းသိုမြို့အရှေ့ဘက် (၁)မိုင်ကျော် အာမခံကျေးရွာအနီး၌ စစ်ကောင်စီ ပတ်ကင်းနှင့်တွေ့ပြီး ဖမ်းဆီးခံရကြောင်း Kawlin infoက ဖော်ပြထားသည်။ ဒေသခံများသတ်ဖြတ်ခံရကြောင်းကို People’s Springက မေးမြန်းသည့် ဒေသခံသုံးဦးကလည်း အတည်ပြုသည်။
အာမခံကျေးရွာအနီးသည် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ စိုးမိုးထားသော နယ်မြေဖြစ်ကြောင်း Kawlin infoက ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီ ၁၃ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် နာရေးအိမ်မှ ပြန်လာသည့် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့မှု ဖြစ်ခဲ့သေးသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ကောက်ယူထားသည့်အချက်အလက်အရ ၂၀၂၄ ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၃၁ရက်အထိ ၁၀လအတွင်းစစ်ကိုင်းတိုင်း၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ သတ်ဖြတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၆၀ နှင့် အမျိုးသား ၂၈၄ ဦး စုစုပေါင်း ၄၄၄ ဦး သေဆုံးခဲ့ရကြောင်း နာမည်နှင့်တကွ ၂၀၂၄ နိုဝင်ဘာ ၁ရက်က အတည်ပြုထုတ်ပြန်ထားသည်။
