မေ-၁၊၂၀၂၅။People’s Spring
အာဏာသိမ်း စစ်ကောင်စီ လက်ချက်ကြောင့် ဆိုးဆိုးရွားရွား ယိမ်းယိုင် ပြိုကျနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ရဲ့ အခြေအနေမှန်ကို စစ်ကိုင်းငလျင်ကြီးက ပိုမို ထင်ရှား မြင်သာလာစေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)ကထောက်ပြလိုက်ပါတယ်။
စစ်ကောင်စီဟာအာဏာသိမ်းပြီးတဲ့နောက်မှာပြည်သူ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေအပေါ် ရန်လို ဖိနှိပ်တာတွေ ကျူးလွန်ခဲ့ပြီး နိုင်ငံရဲ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကို ချိနဲ့စေခဲ့ပါတယ်။ အဲဒီ အကျိုးဆက်ဟာ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့်ငလျင်ကြီးအပြီးမှာပိုပြီး ထင်ရှားတဲ့သက်ရောက်မှုတွေ ဖြစ်လာစေနိုင်တယ်လို့ HRWက သတိပေးထားပါတယ်။
လူပေါင်း ၅၄၀၀ ထက်မနည်း သေကြေပျက်စီးခဲ့တယ်လို့ ယုံကြည်ရတဲ့ ငလျင်ကြီးကြောင့် ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက် ကြီးမားလာချိန်မှာ စစ်ကောင်စီ ကျူးလွန်ထားတဲ့ အဖျက်လုပ်ရပ်တွေကြောင့် ထိရောက်တဲ့ အကူအညီမျိုး မပေးနိုင်တော့ကြောင်း HRWက ဆိုပါတယ်။

Public Service Announcement
HRWရဲ့ ဖော်ပြချက်အရ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး ကတည်းက ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၈၇၂ ယောက်ကို ဖမ်းဆီးခဲ့ပြီး ဆေးရုံ၊ဆေးခန်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုစင်တာပေါင်း ၂၆၃ ခုကိုတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ပြီးတော့စစ်ကောင်စီလက်ချက်ကြောင့် ကျန်းမာရေး ဝန်ထမ်း ၇၄ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီးပါပြီ။ ဆက်လက် လည်ပတ်နေတဲ့ ဆေးရုံတွေ အများအပြားဟာ လူနာနဲ့ ဝန်ထမ်းဦးရေ မမျှတာ၊ ဆေးဝါးပစ္စည်းတွေ မလုံလောက်တာ၊ အရေးပေါ် အသက်ကယ်ကုသမှုတွေအတွက် တာဝန်ယူနိုင်စွမ်း မရှိတာတွေ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။
HRWက လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကျန်းမာရေး အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီ တိုက်ခိုက်မှု ၁,၂၀၀ နီးပါးလောက်ကို မှတ်တမ်း ပြုစုထားနိုင်ခဲ့ကြောင်း ဆိုပါတယ်။ စစ်ကောင်စီဟာ တော်လှန်ရေး အင်အားစုတွေကို ပြုစုစောင့်ရှောက် ကုသပေးနေတဲ့ ဆေးရုံ ဆေးခန်းတွေကို အငြှိုးတကြီးရန်လိုတိုက်ခိုက်နေဆဲလို့လည်း HRWက ထောက်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ကျန်းမာရေး ဝန်ထမ်း ၇၀ ရာခိုင်နှုန်းလောက် နိုင်ငံကို စွန့်ခွာ ထွက်ပြေးသွားပြီလို့ ယုံကြည်ရပြီး ပြည်တွင်းမှာ ဆက်ရှိနေသူတွေထဲမှာလည်း ပုန်းလျှိုးကွယ်လျှိုး နေထိုင်နေရသူတွေ၊ နည်းပါးတဲ့ လုပ်ခလစာသာ ရရှိမှုတွေ၊ အချိန်ပြည့် ခြိမ်းခြောက် ခံနေရမှုတွေနဲ့ ကြုံတွေ့နေသူ အများအပြား ရှိတယ်လို့ HRWက ဆိုပါတယ်။
ငလျင်ကြီး အပြီးမှာတော့ လူတွေ ထောင်သောင်းချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်သလို နေစရာမရှိ၊ ဆေးဝါးမရှိ၊ သန့်ရှင်းတဲ့သောက်ရေမရှိဘဲ ရုန်းကန်နေရတဲ့ လူ့အဖွဲ့အစည်းတွေ ထွက်ပေါ်လာပါတယ်။ တချို့နေရာတွေမှာ အပူချိန်ဟာ ၄၄ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ မြင့်တက်နေခဲ့ပြီး ရာသီဥတုကြောင့် ဖျားနာတာတွေ၊ ရေမသန့်လို့ဖြစ်တဲ့ ရောဂါတွေ၊ အပျက်အစီးတွေကြားမှာ ခိုနေတဲ့ အဆိပ်ရှိ သတ္တဝါတွေကြောင့် ပိုးထိတဲ့ ကိစ္စတွေ မြင့်တက်လာနေပါတယ်။ အဲဒီ အချိန်အတွင်းမှာ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ခုလုံးက စစ်ကောင်စီ လက်ချက်ကြောင့် ယဲ့ယဲ့ပဲ ကျန်နေပါတော့တယ်။
နောက်ပြီး စစ်ကောင်စီဟာ သဘာဝ ကပ်ဘေးကြီးအပေါ် အမြတ်ထုတ်တာတွေ၊ ကယ်ဆယ်ရေးသမားတွေကိုပစ်မှတ်ထားတာတွေလည်း ရှိနေပါတယ်။ အဆောက်အအုံ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ကယ်ထုတ်နေတဲ့ နေရာမှာ စစ်ကောင်စီ ရဟတ်ယာဉ်က ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်မျိုးကို တော်လှန်ရေး အင်အားစုတွေဖက်ကပြောကြားထားပါတယ်။ ကုလသမဂ္ဂကလည်း စစ်ကောင်စီဟာ ငလျင်အပြီးမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ရာနဲ့ချီ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
နောက်ပြီး စစ်ကောင်စီဟာ ငလျင်ဒဏ်ခံ အဆိုးဆုံး ဒေသတွေဆီ ပေးပို့မယ့် လူသားချင်း စာနာမှု ပစ္စည်းတွေကို ဟန့်တား ကန့်သတ်ပြီး စစ်တပ် အသုံးပြုဖို့ သိုလှောင် သိမ်းဆည်းထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ကယ်ဆယ်ရေးနဲ့ လူမှုရေး အဖွဲ့အစည်းတွေက ငလျင်ဒဏ်ခံ ပြည်သူတွေကို ကူညီနိုင်ဖို့ အပူတပြင်း ကြိုးစားနေတဲ့ အချိန်တွေမှာ စစ်ကောင်စီဟာ အဲဒီ အားထုတ်မှုတွေကို ပိတ်ပင်နေတာ ဖြစ်ပါတယ်။
ငလျင်ကြီး မတိုင်ခင် ကတည်းက ပဋိပက္ခတွေထဲ နစ်မွန်းနေတဲ့မြန်မာနိုင်ငံဟာတီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ HIVဗိုင်းရပ်စ် ပြဿနာတွေကြောင့် လူပေါင်း သန်း ၂၀ ကျော်လောက်ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်တဲ့ အခြေအနေတွေ ရှိနေခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့နောက် မြေလွှာအနေအထား အပြောင်းအလဲတွေလည်း ဖြစ်ကုန်ပြီး ပဋိပက္ခ နယ်မြေတွေမှာ မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန် ပစ္စည်းတွေပါ နေရာရွေ့ကုန်တာကြောင့် အဲဒီ အန္တရာယ်ကလည်း အရင်ကထက် ပိုကြီးလာတယ်လို့ ယုံကြည်ရပါတယ်။
ကိုးကား-HRW ၊ ABC
