Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်သင့်နေပြည်တော်၌ ဖျက်ရမည့် အနီရောင်အဆင့် အဆောက်အဦ ၅၀၀ကျော်ရှိ

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်၌ ငလျင်ဒဏ်ကြောင့် ဖျက်ရမည့် အနီရောင်အဆင့် အဆောက်အဦ ၅၀၀ကျော်ရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးမောင်ဌေးက ပြောသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာအဆောက်အဦ။ဓာတ်ပုံ - CJ

မေ ၁၀၊၂၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်၌ ငလျင်ဒဏ်ကြောင့် ဖျက်ရမည့် အနီရောင်အဆင့် အဆောက်အဦ ၅၀၀ကျော်ရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးမောင်ဌေးက ပြောသည်။

ယနေ့(မေ ၁၀ ရက်)ပြုလုပ်သည့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းက စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုအပြီးနောက်ပိုင်း ကနဦးလေ့လာတွေ့ရှိမှုများ တင်ပြဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း အသိပေးခဲ့သည်။

“ မတ်လ ၂၈ ရက်မှဖြစ်လာတော့ မြန်မာနိုင်ငံတော်ကနေ ဖွဲ့စည်းပေးထားတဲ့ ကျွန်တော်တို့အဖွဲ့တွေကသွားရပါတယ်။ဆောက်လုပ်ရေးဝန်ကြီးကနေဦးစီးပြီးတော့ အရောင်သုံးမျိုးပေါ့ဗျာ။ခင်ဗျားတို့လည်း သိပြီးသားပေါ့။မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အပါအဝင် အထပ်မြင့်ကော်မတီရော အားလုံးပါဝင်တယ်။နေ ပြည်တော်မှာဆို အနီရောင်ဆိုပြီး ပြထားတဲ့ဖျက်ရမယ်ဆိုတဲ့ အဆောက်အဦးတွေကို သေချာအောင်ပြန်စစ်ရပါတယ်။အဆောက်အဦပေါင်း ၅၀၀ ကျော်ရှိတယ်။ကျွန်တော်တို့ အသင်းချုပ်က ၁၁၅ ခုလောက်စစ်ပေးခဲ့တယ်။နောက်ထပ်လည်းအထပ်မြင့်ကော်မတီက သွားပါလိမ့်မယ်။မန္တလေးလည်းသွားနေတယ်။စစ်ကိုင်းလည်း ကျွန်တော်တို့ လုပ်နေပါတယ်။အင်းလေးဒေသ မှာလည်း ကျွန်တော်တို့ပါ ပါတယ်” ဟု ဦးမောင်ဌေးက ၎င်းတို့အသင်းချုပ်၏ လုပ်ဆောင်ချက်ကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းတို့ကို တွေ့ဆုံကာ တောင်းဆိုမှာကြားမှုများပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

“ ခိုင်းခိုင်းမခိုင်းခိုင်းပါ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ငလျင်ကြောင့်ဖြစ်ပေါ်လာတဲ့ကိစ္စတွေကို ဆောင်ရွက်ဖို့အသင့်ရှိပါတယ်” ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌက ပြောသည်။

ငလျင်ဒဏ်သင့် ဒေသများအနက် နေပြည်တော်ကောင်စီနယ်မြေ၌ရှိသော အဆောက်အဦများသည် နေထိုင်ရန်မသင့် အနီရောင်အဆင့်များနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၊ ဒုတိဥက္ကဋ္ဌ ဦးစောထွေးဇော်က ဧပြီလ ၂၇ ရက်တွင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ ဆွေးနွေးပွဲ၌ ပြောဆိုထားဖူးသည်။

လက်ရှိ ငလျင်ဒဏ်သင့် အဆောက်အဦများ စစ်ဆေးရာတွင် ထိခိုက်ပျက်စီးမှုနည်းသည်ကို အစိမ်းရောင်၊ နေထိုင်ရန်သင့်ပြီး အချိန်ပေးပြင်ဆင်ရမည့် အဆောက်အဦများကို အဝါရောင်နှင့် ပြိုကျယိုင်လဲသည်ကို အနီရောင်အဆင့် အဖြစ်သတ်မှတ်ထားသည်။

ငလျင်ကြောင့် နေပြည်တော်တွင် အနီရောင်အဆင့် အဆောက်အဦများအတွက် နေပြည်တော်ကို စတည်စဥ်ပါဝင်ခဲ့သော ခရိုနီကုမ္ပဏီများ ပြန်လည်ဆက်သွယ်ရန် စစ်ကောင်စီက ကြေညာထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်များနှင့်ဖော်ပြချက်များအရ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့်ငလျင်တွင် သမ္မတအိမ်တော်၊ လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊စစ်ရုံး၊နိုင်ငံခြားရေး၊ပြည်ထဲရေး၊ဗဟိုဘဏ်ရုံးများအပါအဝင် ဝန်ထမ်းအိမ်ရာများစွာ ပျက်စီးခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ အစီရင်ခံစာအရ ငလျင်ဘေးသင့်သူများ ယာယီ ပြောင်းရွှေ့အိမ်ထောင်စုနှင့် ကယ်ဆယ်ရေးစခန်းဖွင့်ထားမှု စာရင်းအချက်အလက်အရ နေပြည်တော်၌ ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုပေါင်း ၂၇,၀၀၀ ခန့်ရှိသည်။

နေပြည်တော်သည် ငလျင်ဗဟိုချက် စစ်ကိုင်းနှင့် မန္တလေးထက် အိမ်ထောင်စုလိုက်ရွှေ့ပြောင်းနေထိုင်ရမှု အဆမတန် ပိုများနေသည်။ငလျင်ဒဏ်သင့်၍ နေပြည်တော်၌ စစ်ကောင်စီ၏ ကယ်ဆယ်ရေး စခန်း ၇၅ ခုတွင် ယာယီရွှေ့ပြောင်း နေထိုင်သည့် အိမ်ထောင်စု ၂,၉၅၅ ခုရှိကာ ကိုယ်ပိုင်အစီအစဥ်ဖြင့် ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စုသည် ၂၃,၈၅၆ ရှိကြောင်း ဖော်ပြသည်။

နေပြည်တော်အပျက်အစီးများနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထိန်းချုပ်ထားဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

သတင်း

နေပြည်တော်ကို ဗဟိုပြုပြီး ဒီ‌နေ့ မတ်လ ၂၃ရက် ညနေပိုင်းမှာ လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၄ ဒဿမ၄အဆင့် ငလျင်ဟာ လှုပ်ရှားမှုပြင်းထန်ပြီး ဒေသခံတွေ လမ်းပေါ် ပြေးထွက်ခဲ့ကြရပါတယ်။

သတင်း

မတ်-၂၂၊၂၀၂၆။မိုမို/People’s Spring ရန်ကုန်-မန္တလေးလမ်းမကြီး၊ နေပြည်တော်ကောင်စီနယ်မြေအဝင် စစ်တပ်ရဲ့အဖွဲ့စုံစစ်ဆေးရေး စုပေါင်းဂိတ်ကို မတ်လ ၂၁ရက် ​နေ့လယ် ၁၂နာရီ က စစ်တပ်ရဲ့​လေ​ကြောင်းရန်ကာကွယ်​ရေးစနစ်​တွေကို​ကျော်လွှားပြီး​တော့FPVဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ တာဝန်ရှိသူက​ပြောပါတယ် ။ Operation Fly Over Urban (Yae Ni) လို့အမည်​ပေးထားတဲ့ စစ်ဆင်​ရေးမှာ စစ်တပ်ဘက်...

သတင်း

ရန်ကုန် -မန္တလေးလမ်းဟောင်းကနေ နေပြည်တော်ကိုသွားတဲ့ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက ပြောပါတယ်။

Facebook