Connect with us

Hi, what are you looking for?

သတင်း

တောင်တွင်းကြီး၌ အတင်းအဓမ္မပေါ်တာဆွဲခံရပြီး အောင်ဇေယျစစ်ကြောင်းပို့ခံရသူ ၂ဦး KNLAထံ အလင်းဝင်

လက်ဖက်ရည်ဆိုင်လုပ်သားနှင့် တောင်သူဖြစ်ပြီး အရပ်သားဘ၀ဖြင့်နေလို၍ အလင်းဝင်လာဟုဆို

ကိုကျော်မင်းထွန်းနှင့် ကိုဆန်းကိုအား တွေ့ရစဉ်။ ဓာတ်ပုံ − YouTube screengrab

မေ ၂၂၊၂၀၂၅။ထားမြတ်/People’s Spring

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် စစ်ကောင်စီက အတင်းအဓမ္မပေါ်တာဆွဲ စုဆောင်းခံရပြီးနောက် ကရင်ပြည်နယ်ရှိ အောင်ဇေယျစစ်ကြောင်းထံ ပို့ဆောင်ခံရသူ နှစ်ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်လာကြောင်း ကာယကံရှင်တို့၏ ထွက်ဆိုချက်ကို KNLA စစ်ဌာနချုပ်က ထုတ်ပြန်သည်။

ပြည်သူ့စစ်မှုထမ်းတပ်သားသစ် ကိုကျော်မင်းထွန်း၏ အလင်းဝင်ရောက်ရမှု အကြောင်းအရင်း ပြောဆိုချက်ကို ယနေ့(မေလ ၂၁ရက်)တွင် KNLA စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်း တပ်သားသစ် ကိုဆန်းကို၏ ပြောကြားချက်ကို ပြီးခဲ့သည့် ၅ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တပ်သားများ၏ ထွက်ဆိုချက်အရ နှစ်ဦးစလုံးသည် မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်၌ အတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တပ်သားသစ် ကိုကျော်မင်းထွန်းသည် တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ဖြစ်ပြီး နေအိမ်၌ ရှိနေစဉ်ရဲများက လာခေါ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

“မနက် ၈နာရီထိုးနေတဲ့ အိမ်နေရာကနေ နွားလေးကို ဟိုဘက်ကိုရွှေ့တဲ့အချိန် ရဲတွေ ကားသုံးစီးနဲ့လာပြီးဆွဲတာပါ”ဟု ကိုကျော်မင်းထွန်းက ပြောသည်။

တောင်တွင်းကြီးမြို့စုဆောင်းရေးမှတဆင့် ဟိုပုံးမြို့၌ သင်တန်း ၂လခွဲတက်ခိုင်းကာ သင်တန်းအပြီးတွင် တပ်ရင်းတစ်ခု၌ တပတ်ကြာနေရပြီး အောင်ဇေယျစစ်ကြောင်းထံ ပို့ဆောင်ခံရသည်ဟု ဆိုသည်။

” တန်းပြီးတော့ရှေ့တန်းကို ခေါ်ချလာတာ ။ အောင်ဇေယျစစ်ကြောင်းကို။ ရောက်လာတာ ၂လလောက်ပဲရှိပါသေးတယ်။ အဲဒီလိုမျိုးတွေ ညီလေးတို့က မတိုက်ခိုက်ချင်ဘူး”ဟု ကိုကျော်မင်းထွန်းက ပြောသည်။

စစ်ကောင်စီ၏ အတင်းအဓမ္မလုပ်ဆောင်ချက်သည် သဘာ၀မကျဟုလည်း ၎င်းက ပြောသည်။

” သူတို့က အဲဒီလိုမျိုးကြီးတွေ တဖက်စီးနင်းကြီးနဲ့ အာဏာကြီးနဲ့ မဖြစ်မနေလည်းဝင်ရမယ်၊ နောက်က ဘယ်လိုတွေ ဒုက္ခတွေဖြစ်ဖြစ် ဝင်ကိုဝင်ရမယ်ဆိုနောက်က မိသားစုတွေအကုန်လုံးက ညီလေးတို့ အပါအဝင် ကျန်တဲ့ ပြည်သူလူထုတွေ အဲဒီလိုတွေ ဒုက္ခတွေရောက်နေတယ်။ အဲဒီလိုမျိုးကြီး သဘာ၀မကျပါဘူး”ဟု ကိုကျော်မင်းထွန်းက ပြောသည်။

လက်နက်မကိုင်ရဘဲ တော်လှန်ရေးအဖွဲ့အထောက်အကူပြုစေမည့် အလုပ်များ တာဝန်ပေးပါက လုပ်ချင်ပါသည်ဟုလည်း ၎င်းက ပြောသည်။

အောင်ဇေယျစစ်ကြောင်းရှိ သူငယ်ချင်းများ စစ်အာဏာရှင်အောက်၌မနေဘဲ အမြန်ဆုံးလွတ်မြောက်ပါစေဟုလည်း ကိုကျော်မင်းထွန်းက ဆုတောင်းခဲ့သည်။

တပ်သား ကိုဆန်းကိုကလည်း လက်ဖက်ရည်ဆိုင်၌ အလုပ်လုပ်ရင်းပေါ်တာဆွဲခံရခြင်းဟု ပြောပြသည်။

” လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ရင်း အိမ်ပြန်နားတော့ ပေါ်တာဆွဲခံရတာ။ ကျနော်သေနတ်မကိုင်ချင်တော့လို့ ဒီကိုလာပြီး အလင်းလာဝင်တာပါ။ ကျနော် အရပ်သားဘ၀ ပြန်နေချင်လို့ပါ။ အဲဒါကြောင့်ပါ”ဟု ကိုဆန်းကိုက ပြောသည်။

ထွက်ပြေးစဉ် တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းမိပါကသတ်ပစ်သည်ဟု စစ်ကောင်စီဘက်က ပြောသော်လည်း လက်တွေ့တွင် ကောင်းမွန်စွာ ဆက်ဆံကြောင်း ကိုဆန်းကိုက ပြောသည်။

KNLA စစ်ဌာနချုပ်သည် အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထွက်ဆိုချက်ကို ထုတ်ပြန်ဖော်ပြလေ့ရှိပြီး အလင်းဝင်လာသူအများစုသည် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များဖြစ်ပြီး စစ်ကောင်စီက အဓမ္မ ဆုဆောင်းကာ ရှေ့တန်းပို့ဆောင်ခဲ့သူများဖြစ်သည်။

KNLAကလည်း စစ်ကောင်စီတပ်သားများအနေဖြင့် စစ်ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို ကာကွယ်ခြင်းမပြုဘဲ ပြည်သူ့တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်ခံနေရသော အောင်ဇေယျစစ်ကြောင်းမှာ အထိနာနေသည်။ ဒေါနတောင်ပေါ် တောနောရေတံခွန်အနီးတွင် ပိတ်မိနေသည်မှာလည်း တစ်နှစ်ကျော်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။