ဇွန်- ၅၊ ၂၀၂၅။ ထင်လင်း/People’s Spring
ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီ တပ်မ(၁၀၁) လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ကျော်စိုးနိုင်နှင့်အဖွဲ့အား လမ်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၁၆)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ဇွန်လ ၁ ရက် နံနက် ၈ နာရီခန့်က ပခုက္ကူနယ် ဆင်မင်းကျေးရွာသို့ တာဝန်ပြောင်းရန်လာသော တပ်မ(၁၀၁)လက်အောက်ခံ ပြည်သူစစ်အဖွဲ့မှ ကျော်စိုးနိုင်ဦးဆောင်သော ရှစ်ဦးအဖွဲ့လိုက်ပါလာသည့် ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။
တိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်ချိန် ၄၅ မိနစ်ခန့်ကြာမြင့်ပြီး ပြည်သူ့စစ်ခေါင်းဆောင် ကျော်စိုးနိုင်အပါအဝင် လေးဦးသေဆုံးခဲ့ကာ ၎င်းတို့ထံမှ MA3 တစ်လက်၊ ပစ္စတိုတစ်လက်၊ ဖုန်းလေးလုံး၊ ခဲယမ်းများနှင့်အတူ ငွေသား(၃၁)သိန်း သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၁၆)က အသိပေးသည်။

Public Service Announcement
“ကားတွေက စုတ်ပြတ်။ မောင်းမရဘူး။ ကရိန်းနဲ့တင်သွားရတာ”ဟု အထက်ပါတိုက်ခိုက်မှုမှ ပြည်သူ့စစ်များစီးနင်းလာသည့် ယာဥ်နှစ်စီးနှင့်စပ်လျဥ်းပြီး တပ်ရင်း(၁၆)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
အလားတူ ဇွန်လ ၃ ရက်နေ့ကလည်း ပခုက္ကူမြို့နယ်၊ ချည်မျှင်ဂိတ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ သုံးဦးထိခိုက်သွားကြောင်း၊ ထို့အပြင် ပန်းတိုင်းခြုံကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ကို ဗုံးသီးရှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုမသိရသေးဟု တပ်ရင်း(၁၆)က ထုတ်ပြန်သည်။
အထက်ပါ တိုက်ခိုက်မှုများကို ပခုက္ကူခရိုင် တပ်ရင်း(၁၆)နှင့် မဟာမိတ်ဖြစ်သော မြင်းခြံတပ်ရင်း(၁)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် ဗိုလ်ကလယ်တပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


















































