ဇွန်-၁၅၊ ၂၀၂၅။ဇေအောင်/People’s Spring
အိုးဘိုအကျဥ်းထောင်မှာ ရောက်ရောက်ချင်း အရိုက်ခံရတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ကိုမာန်ဇာမြေမွန်တို့ကို ဆေးကုသခွင့်မပေးဘဲ သံခြေကျဉ်းခတ်ပြီးတိုက်ပိတ်ထားကြောင်းစစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုကသတင်းထုတ်ပြန်ပါတယ်။
ဇွန်လ(၁၂)ရက်နေ့က မုံရွာအကျဥ်းထောင်ကနေ အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့တဲ့အထဲမှာ မုံရွာလူထုသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်အပြင် ချောင်းဦးလူထုသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်လည်း ပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အိုးဘိုအကျဉ်းထောင် ထောင်ဝန်ထမ်းတွေကထောင်အဝင်ဝမှာတင် တုတ်တွေ၊သံကြိုးတွေနဲ့ ရိုက်နှက်နှိပ်စက်ခဲ့ကြပါတယ်။
အဲဒီလို ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးကုသမှုလုံးဝမရကြောင်း၊ ကိုဝေမိုးနိုင်နဲ့ ကိုမာန်ဇာမြေမွန်တို့လည်း ရိုက်နှက်ခံရပြီး ဆေးဝါးကုသခွင့်မပေးဘဲ သံခြေကျဉ်းခတ်ကာတိုက်ပိတ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement
“ကိုဝေမိုးနိုင်ရဲ့နေထိုင်စားသောက်မှု နဲ့ကျန်းမာရေး အခြေအနေ ဘာမှမသိရဘူး။ မိသားစုဝင်တွေကိုလည်း ဆက်သွယ်ခွင့်မပေးဘဲနဲ့ တိုက်ပိတ်ထားတယ်လို့သိရတယ်။”လ်ို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်ကိုရှင်းသန့်ကပြောပါတယ်။
ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၅၀ ကျော်ရှိပြီး ဦးခေါင်း၊လက်နဲ့ နောက်ကျောတလျှောက်မှာ ထိရှ၊ပေါက်ပြဲ ဒဏ်ရာတွေ ရရှိထားတယ်လို့မြနမာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကလည်း ထုတ်ပြန်ထားပါတယ်။
လူထုသပိတ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ရှင်သန်မှုနဲ့ ကျန်းမာရေးအခြေနေအားလုံးကို ထောင်အာဏာပိုင်တွေက တာဝန်ခံရမှာဖြစ်ပြီးအခုလိုနှိပ်စက်ညှင်းပန်းမှုတွေကို မှတ်တမ်းတင်ထားကာ မဝေးတဲ့ကာလမှာ ပြည်သူလူထုကနေ တရားစီရင် အပြစ်ပေးအရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက သတိပေးထားပါတယ်။


















































