ဇွန်-၁၇၊၂၀၂၅။ဇော်ရမ်း/People’s Spring
ပဲခူးတိုင်း၊မင်းလှမြို့နယ်အတွင်းရန်ကုန်-ပြည်လမ်းပိုင်း အပါအဝင် နေရာ၄ နေရာ၌ တိုက်ပွဲဖြစ်ပွားနေပြီး ဗိုလ်မှူးအဆင့်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ သေဆုံးပြီး စစ်ရေးဆက်လက် တင်းမာနေကြောင်းသတင်းရရှိသည်။
မင်းလှမြို့နယ်၊အုတ်တွင်းရွာနှင့်ရန်ကုန်-ပြည်လမ်းပိုင်း နှစ်နေရာ၌ ဇွန်လ ၁၆ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လ၁၇ရက်၌ တာလေးရွာ၌တိုက်ပွဲထပ်မံဖြစ်ပွားနေသည်ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။
“တိုက်ပွဲပြင်းထန်နေတာတော့မှန်တယ်။စစ်တပ်ဘက်ကသေဆုံးသူတွေရှိပြီး နောက်ထပ်အင်အားအများကြီးတိုးထားတယ်” ဟုမင်းလှမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
ဇွန်လ ၁၆ရက်က အုတ်တွင်းရွာရှိစစ်တပ်စစ်ဆေးရေးဂိတ်ကို PDF များက တိုက်ခိုက်ပြီးနောက်စစ်တပ်ကရမ်းသမ်းပစ်ခတ်စဉ် အရပ်သားသုံးဦး သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။
ယနေ့ နံနက်ပိုင်းတိုက်ပွဲတွင်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ဖားလေးကွင်းမြောက်စုရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်ဟု မြို့ခံတစ်ဦးကပြောသည်။
စစ်ရေးသတင်းရင်းမြစ်တဦးကလည်းမင်းလှမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေကြောင်းနှင့် စစ်ကောင်စီဘက်၌ ဗိုလ်မှူးအဆင့်အထိသေဆုံးကြောင်း အတည်ပြုထားနိုင်သည်ဟုပြောသည်။
ပဲခူးရိုးမPDFဗျူဟာ(၂၂)နှင့် မဟာမိတ်များက စစ်ကောင်စီစစ်ကြောင်းများကိုတိုက်ခိုက်နေခြင်းဖြစ်ပြီးမကြာမီသတင်းထုတ်ပြန်မည်ဟုစုံစမ်းသိရသည်။
မင်းလှမြို့နယ်တွင် မေလ ၂၂ရက်နှင့် ၂၃ရက်ကလည်းစိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း၌အင်အား ၁၀၀ကျော်ပါစစ်တပ်စစ်ကြောင်းအား ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်ခဲ့သည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှောစီဆာ ၌ ယနေ့ဖြစ်ပွားနေသောတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးကြောင်း KIA၊KPDF နှင့် နီးစပ်သူများထံမှသိရသည်။
မင်းလှနှင့် ဖားကန့်တိုက်ပွဲ၌ အထိနာနေသောကြောင့် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်လာနိုင်၍ ဒေသခံများသတိပြုကြရန် တော်လှန်ရေးအင်အားစုများက သတိပေးနေကြသည်။
