“မဟာမိတ်တွေစုံလင်တာကတော့တော်လှန်ရေးအင်အားစုတွေကြားမှာ ညီညွတ်မှုရှိကြောင်းပြသဖို့နဲ့ လူထုကို ခွန်အားဖြစ်စေဖို့အဓိကရည်ရွယ်တာဖြစ်ပါတယ်”
— BPLAကွပ်ကဲရေးမှူးမောင်ဆောင်းခ
ဇွန်-၂၁၊၂၀၂၅။ထားမြတ်/People’s Spring
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ်(၉)သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည် တနေရာကျင်းပခဲ့ရာအမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
BPLA ၏ စစ်သင်တန်းဆင်းပွဲတွင် NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ စစ်ဦးစီးချုပ် နှင့်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုဥက္ကဌနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး မောင်ဆောင်းခတို့ တက်ရောက်ခဲ့ကြောင်း ဓါတ်ပုံများနှင့်တကွ ယနေ့ထုတ်ပြန်သည်။
တော်လှန်ရေးအောင်မြင်ရန်မတူညီသောအင်အားစုများအကြား ညီညွတ်ရေးလိုအပ်ကြောင်း မဟာမိတ်ခေါင်းဆောင်များကပြောကြားခဲ့သည်ဟုBPLAက ထုတ်ပြန်သည်။ထိုအပြင်တော်လှန်ရေးအင်အားစုများဟန်ချက်ညီပါကစစ်အာဏာရှင်စနစ်အမြန်အဆုံးသတ်မည်ဖြစ်ကြောင်းအဓိကထားပြောကြားခဲ့ကြသည်ဟုလည်းဖော်ပြသည်။

Public Service Announcement
“မဟာမိတ်တွေစုံလင်တာကတော့ တော်လှန်ရေးအင်အားစုတွေကြားမှာ ညီညွတ်မှုရှိကြောင်းပြသဖို့နဲ့ လူထုကို ခွန်အားဖြစ်စေဖို့ အဓိက ရည်ရွယ်တာဖြစ်ပါတယ်။”ဟုBPLAကွပ်ကဲရေးမှူးမောင်ဆောင်းခကပြောကြားသည်။
BPLA စစ်သင်တန်းဆင်းပွဲ၌ NUGနှင့် တိုင်းရင်းသား တော်လှန်ရေးတပ် ခေါင်းဆောင်များ တွေ့ဆုံစဉ် စစ်ရေးနိုင်ငံရေးဆိုင်ရာများ ဆွေးနွေးခဲ့မှုရှိမရှိနှင့် တွေ့ဆုံနိုင်မှုအပေါ် သဘောထားများ မေးမြန်းရန် NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
ဇွန် ၇ ရက်ကပြုလုပ်သောအဆိုပါသင်တန်းဆင်းပွဲတွင်သင်တန်းဆင်းရဲဘော်များကိုလက်နက်များပေးအပ်တပ်ဆင်ခဲ့ပြီး အမှတ်(၂၀၃)စစ်ဒေသအတွက် တပ်ရင်းသစ်တစ်ခုလည်းတိုးချဲ့ဖွဲစည်းနိုင်ခဲ့ကြောင်း BPLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
“ကျနော်တို့က စစ်ဒေသ(၃)ခုရှိပြီး စစ်ဒေသတိုင်းမှာ သင်တန်းအသစ်တွေ ရနိုင်သလောက်လုပ်နေတာဖြစ်ပါတယ်။ အခုကတော့ အမှတ်(၂၀၃)ရှမ်းမြောက်စစ်ဒေသမှာပြုလုပ်တဲ့သင်တန်းဆင်းပွဲဖြစ်ပါတယ်”ဟုBPLAကွပ်ကဲရေးမှူးကပြောသည်။
ထိုအပြင်သင်တန်းကာလအတွင်းထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုလည်းဆုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်ဟု BPLAက အသိပေးသည်။ ထူးချွန်ဆုရရှိသူများတွင် လက်ဖြောင့်ဆု ရရှိသွားသည့် စစ်မေသည် ၁၀၂၇ စစ်ဆင်ရေး၌ မြင့်မြတ်စွာအသက်ပေးခဲ့သော အာဇာနည်ရဲဘော်အောင်ပိုင်၏ ညီမဖြစ်ကြောင်း အမှတ်(၂၀၃)စစ်ဒေသ၊ ဗျူဟာမှူးကသင်တန်းဆင်းပွဲအစီရင်ခံချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
BPLAသည် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်၊ ရှမ်းမြောက် တို့တွင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် အတူပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသကဲ့သို့ အညာဒေသတွင်လည်း မဟာမိတ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ကြိုးပမ်းပြင်ဆင်နေသည့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
ဝန်ကြီးဒေါက်တာ ဇော်ဝေစိုးသည် လက်ရှိတွင်ရှေ့တန်း စစ်မြေပြင် သို့ ရောက်ရှိနေသည်။ လက်ရှိ စစ်ရေး အခြေအနေနှင့်ပတ်သက်ပြီး ဒေါက်တာဇော်ဝေစိုးက ဇွန်လဆန်းက ပြည်သူမှ ပြည်သူတို့ မေးမြန်းခန်းတွင် သဘောထားပြောကြားထားရာ အထွေထွေထိုးစစ်ကို အင်ပြည့်အားပြည့် ပြင်ဆင်ပြီး တော်လှန်ရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်အောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောပြထားသည်။
“ ဒါက အရေးကြီးတဲ့အချိန်။ဒီအချိန်မှာအားလုံးရဲ့ ပါဝင်မှုတွေ အားလုံးရဲ့ ပြင်ဆင်မှုတွေက အရေးကြီးတယ်။ဒါကြောင့် ပြည်သူလူထုကိုရော တော်လှန်ရေးအင်အားစုတွေကိုရောအခုလိုမျိုး ဝန်ဆောင်မှု ပေးတဲ့ သူတွေကိုရော ဒီအချိန်မှာတော့ ကျနော်တို့ အစွမ်းကုန် အားထုတ်ပြီးတော့ ၀ိုင်းဝန်းကြဖို့ ပါဝင်ကြဖို့ လိုပါတယ်။” ဟု ဒေါက်တာ ဇော်ဝေစိုးကပြောထားသည်။
အထွေထွေထိုးစစ်မည်သည့်အချိန်၌ဖြစ်လာမည်ကိုမပြောနိုင်သေးသော်လည်းအားလုံးပါဝင်အာရုံစိုက်ရမယ့်အလုပ်တခုဖြစ်သည်ဟုလည်း ဒေါက်တာဇော်ဝေစိုးက ပြောသည်။
