Connect with us

Hi, what are you looking for?

သတင်း

PDF စစ်ဆင်ရေး နယ်မြေ(၂) ပူးပေါင်းတပ်များက စစ်တပ်စခန်းများကို ၂ရက်ဆက်တိုက်ခိုက်

စစ်​ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်​သေဆုံးပြီး စစ်သုံ့ပန်း ၂၅ဦး ဖမ်းမိကာ လက်နက်မျိုးစုံ ၄၄လက်ရ

​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ၊ စစ်သုံ့ပန်းများနှင့်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD

ဇွန်-၂၇၊၂၀၂၅။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊စစ်ဆင်ရေးနယ်မြေ(၂)အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့ ပူးပေါင်း၍ စစ်ကောင်စီတပ်များကို ဇွန်လ ၂၅ရက်နှင့် ၂၆ရက်နေ့များ၌ နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာစစ်သား သုံးဆယ်ခန့်​သေဆုံးပြီး စစ်သုံ့ပန်း ၂၅ဦးကို ဖမ်းဆီးနိုင်ကာ လက်နက်မျိုးစုံ ၄၄ လက်သိမ်းဆည်းရရှိ​ကြောင်း စစ်ဆင်ရေးနယ်မြေ(၂)ကသတင်းထုတ်ပြန်သည်။

စစ်ကောင်စီစခန်းများ တပြိုင်တည်းတိုက်ခိုက်သည့် စစ်ဆင်ရေးကို PDF ပူးပေါင်းတပ်က ဇွန်လ ၂၅ရက်တွင် ပဲခူးတိုင်းအတွင်းရှိ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်များအတွင်းရှိ စစ်တပ်စခန်း ၉ခုကို တပြိုင်နက် တိုက်ခိုက်ခဲ့သည်။ ယင်းစစ်ဆင်ရေးအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ဦးထက်မနည်း သေဆုံးကာရဲမှူးအပါအဝင်စစ်သုံ့ပန်း ၃ ဦးဖမ်းမိပြီးလက်နက်မျိုးစုံ၁၆လက်သိမ်းရခဲ့သည်။

ဇွန်လ ၂၆ရက်တွင်လည်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာစစ်သား ၇ ဦး သေဆုံးပြီး စစ်သုံ့ပမ်း ၂၂ဦး၊လက်နက်မျိုးစုံ ၂၈လက်နှင့် ခဲယမ်းများ သိမ်းရခဲ့ဟု NUG ကာကွယ်​ရေးဝန်ကြီးဌာနနှင့်စစ်ဆင်ရေးနယ်မြေ(၂)က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“စစ်ရေးအခြေအနေကလှုပ်လှုပ်ရှားရှားပါပဲဗျ။ သူလည်းပြင် ကိုယ်လည်းပြင်ပေါ့” ဟု ကျောက်ကြီး စစ်ဆင်ရေး အတွင်း ပါဝင်တိုက်ခိုက်ခဲ့သည့် အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ(၂၅) တပ်ရင်း ၃၇၀၂ ဒုတပ်ရင်းမှူးက ဇွန်လ ၂၇ရက်တွင် ပြောသည်။ သို့​သော်ကျောက်ကြီးစစ်ဆင်ရေး အခြေအနေ အသေးစိတ်ကို လတ်တလော ပြော၍ မရသေးဟုလည်း ၎င်းက ပြောသည်။

PDFနှင့် KNLA ပူးပေါင်း၍ စစ်ဆင်ရေးဖော်ဆောင် တိုက်ခိုက်ခဲ့သည့် ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲသည် စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု NUG ကာကွယ်​ရေးဝန်ကြီးဌာနက အသိပေးထားသည်။

အမှတ်(၂) စစ်ဆင်ရေးနယ်မြေ အနေဖြင့် စစ်ကောင်စီတပ်စခန်းများအား တပြိုင်တည်း တိုက်ခိုက်သည့် စစ်ရေးဖော်ဆောင်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူက ဇွန်လ ၂၆ရက်တွင် ပြောပြထားသည်။

“စစ်ရေးကတော့ ပိုင်ပိုင်နိုင်နိုင် စစ်ဆင်ရေးတွေကို နိုင်တဲ့အပိုင်းကနေ စပြီးတော့ ဆက်လက်လုပ်ဆောင်သွားမှာပေါ့။ သိကြတဲ့အတိုင်းပဲ စစ်ဆင်ရေးနယ်မြေ(၂)က တပြိုင်တည်းဖော်ဆောင်မှုတွေက ယခင်ကတည်းက လည်း လုပ်ဆောင်နေကျဆိုတော့လည်း ကျနော်တို့ ပုံစံအတိုင်းပဲ ဆက်သွားမှာ ဖြစ်ပါတယ်” ဟု စစ်ဆင်ရေးနယ်မြေ(၂) သတင်းပြန်ကြားရေး တာဝန်ရှိသူက ဇွန် ၂၅ ရက်တွင်ပူး​ပေါင်းတပ်များက မြို့နယ်သုံးခုတွင် စစ်စခန်း ၉ ခုကို တပြိုင်နက် တိုက်ခိုက်​သော စစ်ဆင်​ရေးအပြီးတွင်ပြောကြားခြင်းဖြစ်သည်။

ယခုတိုက်ခိုက်ခဲ့သည့် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း နေရာများသည် စစ်ကောင်စီက ထောက်ပို့လမ်းကြောင်း အလွယ်တကူ ရောက်ရှိနိုင်သည့် နေရာများ ဖြစ်၍ စစ်အင်အားအလုံးအရင်းဖြင့် အမြဲတမ်း တုန့်ပြန်နေသည်ဟု ၎င်းက ပြောသည်။

“ကျနော်တို့ဘက်ကလည်း ပြည်တွင်းထဲကို ဝင်နေတာဖြစ်တဲ့အတွက် တောက်လျှောက်ကတော့ risk ယူပြီးတော့ တိုက်ခိုက်မှုတွေ ဆောင်ရွက်နေရတာဖြစ်ပါတယ်” ဟု စစ်ဆင်ရေးနယ်မြေ(၂) တာဝန်ရှိသူက ပြောသည်။

တဖက်တွင် စစ်ကောင်စီအနေဖြင့်လည်း စစ်အင်အားလိုအပ်ချက်ကို နိုင်ငံတဝန်းလူငယ်များကိုနည်းမျိုးစုံဖြင့် စစ်သားစုဆောင်းနေသည်ဟု ၎င်းက ပြောသည်။

“စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်း အတင်းအဓမ္မ စုဆောင်းတာ အပတ်စဉ် ၁၄ အထိ ဆင်းလာပြီ။ဒီနေရာမှာ ကျနော်တို့အနေနဲ့လည်း တနိုင်ငံလုံးကို ပြန်လည်စိုးမိုးထားနိုင်ခြင်းမရှိတဲ့အခြေ

အနေမှာ ကျနော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ တဖက်မှာလည်း ဒီဘက်မှာ လာပြီးခိုလှုံချင်တဲ့ လူငယ်တွေအတွက်လည်း လမ်းဖွင့်ပေးထားပါတယ်” ဟုအထက်ပါတာဝန်ရှိသူကဆက် ပြောသည်။

စစ်ကောင်စီသည် အဓမ္မ စစ်သားစုဆောင်းပြီး တပ်သားသစ်များကို စစ်မြေပြင်၌ ရှေ့မှ တက်ခိုင်းပြီး စစ်ဆင်ရေး ဖော်ဆောင်နေသည်ဟုလည်းသိရသည်။

“တောက်လျှောက်တိုက်ပွဲတွေမှာ တွေ့ရတာကတော့ သူတို့ရဲ့ အတွေ့အကြုံရှိတဲ့ တပ်ကြပ်ကြီးတွေ အရာခံကြီးတွေနဲ့ တချို့ ဗိုလ်ကြီးအဆင့်တွေပါဝင်မယ် ပြီးသွားရင် ရဲအုပ်အဆင့်တွေနဲ့ တွဲဖက်ပြီးတော့စစ်မှုထမ်းစုဆောင်းထားတဲ့စစ်သားသစ်လေးတွေကိုရှေ့ကနေ တက်ခိုင်းပြီးစစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်” ဟု အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

စစ်ရှိန်မြင့်လာသည်နှင့်အမျှ လမ်းပိုင်းစိုးမိုးရေးများ ရုတ်တရက် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ရာ ပြည်သူလူထုများဘက်ကလည်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် ၎င်းက တိုက်တွန်းသည်။

အမှတ်(၂) စစ်ဆင်ရေးနယ်မြေတွင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်းနှင့် နေပြည်တော်တိုင်း စသည့် တိုင်းစစ်ဌာနလေးခု ပါဝင်ပြီး ပဲခူးတိုင်း စစ်ဌာနအနေဖြင့် ပဲခူးတိုင်းအတွင်း စစ်ရေးဖော်ဆောင်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် လများအတွင်းကလည်း စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်ခြင်း အပါအဝင် ပဲခူးတိုင်းအတွင်းရှိ ကျောက်တံခါး၊ ရေတာရှည်၊ ဖြူး၊ အုတ်တွင်း၊ မင်းလှ၊ ကျောက်ကြီး၊ နတ်တလင်း၊ ရွှေကျင်၊ ပဲခူး စသည့် မြို့နယ်များအတွင်း စစ်တပ်စခန်းများ၊ တပ်ရင်းအချို့ကို တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။