Connect with us

Hi, what are you looking for?

သတင်း

တရုတ်နယ်စပ်မြို့များ ရေဘေးကြုံ၊ လောက်ကိုင်တွင် ရေစီးနှင့်မျောပါပြီး ၄ဦး သေဆုံး

တရုတ်နိုင်ငံနှင့် ဆက်စပ်သော မြန်မာနယ်စပ်ဒေသအချို့တွင် ရေလွှမ်းမိုးမှုဖြစ်နေပြီး ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ဒေသ လောက်ကိုင်မြို့တွင် လူ ၄ဦး ‌ရေစီးနှင့်မျောပါသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရေနစ်သေဆုံးသူတစ်ဦးအား ပြန်ဆယ်လာစဥ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၄၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

တရုတ်နိုင်ငံနှင့် ဆက်စပ်သော မြန်မာနယ်စပ်ဒေသအချို့တွင် ရေလွှမ်းမိုးမှုဖြစ်နေပြီး ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ဒေသ လောက်ကိုင်မြို့တွင် လူ ၄ဦး ‌ရေစီးနှင့်မျောပါသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းက လောက်ကိုင်နှင့် တရုတ်နယ်စပ်ကျေးရွာတစ်ခုတွင် ရုတ်တရက်ရေကြီးပြီး ရေလှောင်ကန် တာတမံကျိုးကျခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

“ကိုးကန့်တွေ(MNDAAတပ်ဖွဲ့ဝင်တွေ) လိုက်ရှာပေးပေမယ့် အသက်ရှင်လျက် ပြန်မရဘူးတဲ့။ သေဆုံးတာက မိသားစုဝင် ၄ဦး ဟုတ်တယ်။ ဒီနေ့အထိ ရေကြီးနေတုန်း”ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် လောက်ကိုင်၊ ကုန်းကြမ်းမြို့နယ်တို့မှ မြေနိမ့်ဒေသများ၌ ရေကြီးနေသည်။ တရုတ်နိုင်ငံနှင့်နယ်စပ်ဒေသများအနက် မူဆယ်မြို့နယ်တွင်လည်း ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသည်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည့် ကျင်စန်းကျော့နယ်စပ်ဂိတ်ပတ်ဝန်းကျင်၌ ယမန်နေ့က နံနက်ပိုင်းက ရေကြီးခဲ့သည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့ပေါ်၌လည်း ရပ်ကွက်အချို့ ရေဘေးကြုံတွေ့ခဲ့သည်။

တရုတ်နိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် ဇွန်လနှောင်းပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ဆိုးရွားသည့်ရေဘေး ကြုံတွေ့နေသည်။ မြန်မာနယ်စပ်ဒေသများသည် ယင်းဒေသများနှင့်မဆက်စပ်သော်လည်း ပုံမှန်ထက်မိုးကောင်းပြီး ရေကြီးနစ်မြုပ်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံနှင့်နယ်စပ်ဖြစ်သော တာချီလိတ်မြို့တွင်လည်း ယနေ့ နံနက်ပိုင်း၌ ရေကြီးနေပြီး ရေဘေးသတိပေးချက် ထုတ်ပြန်ထားသည်။ ထို့အပြင် လက်ရှိကာလ၌ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်တို့ စိုးရိမ်ရေမှတ်အနီး မြင့်တက်နေသည်။ ပဲခူးမြို့တွင်လည်း မြေနိမ့်ပိုင်းများ ရေကြီးနစ်မြုပ်နေသည်။

မုတ်သုံလေ အားအလွန်ကောင်းနေသောကြောင့် ဇူလ်ိုင် ၆ရက်အထိ မြန်မာနိုင်ငံဒေသအနှံ့၌ မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။

ပြီးခဲ့သည့်ဇွန်လကုန်က ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်တို့တွင် မိုးကြီးခဲ့သည်။

မေလနောက်ဆုံးပတ်ကလည်း ဘင်္ဂလားဒေ့ရှ်ကို ဝင်သည့် မုန်တိုင်းသည် မြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်စဥ် ကချင်ပြည်နယ်တွင် မိုးကြီးခဲ့ပြီး မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဆွမ်ပရာဘွမ်မြို့၊ ချီဖွေမြို့၊ ပူတာအိုမြို့၊ စစ်ကိုင်းတိုင်းမှ နာဂဒေသတို့တွင် ရေဘေးနှင့် မြေပြိုမှု ဘေးရင်ဆိုင်ခဲ့ရသည်။ ရခိုင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့်‌ တောင်ကုတ်မြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့သည်။ ထို့ကြောင့် မိုးရာသီကာလ သုံးလဆက် ရေဘေးကြုံတွေ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးများကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် မြေပြိုခြင်း စသည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း MOHADM က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

သတင်း

ညီနောင်မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့ တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့က ​ခေါင်း​​​ဆောင်​တွေဟာကိုးကန့်ဒေသ လောက်ကိုင်မြို့မှာတွေ့ဆုံဆွေးနွေးနေကြပါတယ်။