ဇူလိုင် – ၄ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring
ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်ထဲက ဝေါ်လေဗျုဟာ စခန်းကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်ရာမှာ ဒီနေ့ (ဇူလိုင် ၄ ရက်)မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး ဝေါ်လေမြို့ပေါ် လက်နက်ကြီးကျတာကြောင့် အရပ်သားသုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်း ၁၀ နာရီခွဲ ဝန်းကျင်မှာ ဝေါ်လေဗျုဟာနဲ့ ထီးသဲလယ် ကာကင်းစခန်းတွေကို KNU ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးကြဲ တာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တန်ပြန်ပစ်ခတ်ရာမှာ ဝေါ်လေမြို့ ရပ်ကွက် (၄) ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
“ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၁ ကြားမှာ (လက်နက်ကြီး)ကျတာ ၊ ဒီနေ့ထိတဲ့ ၃ ယောက်ကတော့ တော်တော်အခြေအနေဆိုးတယ်၊ (ဒဏ်ရာ)အပြင်းအထန်ပဲ” လို့ ဝေါ်လေဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ထိခိုက်ဒဏ်ရာရသွားတဲ့ ဒေသခံ သုံးဦး ကို ထိုင်းဘက်ခြမ်းဆီသယ်ဆောင်သွားပြီး ဆေးကုသပေးနေ တယ်လို့ သိရပါတယ်။
မနေ့ (ဇူလိုင် ၃ ရက်) ကလည်း ဝေါ်လေမြို့ ၊ ရပ်ကွက် (၄) မှာပဲ လက်နက်ကြီးကျည်ကျပြီး အရပ်သား နှစ် ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
မြဝတီမြို့တောင်ဘက်ခြမ်း ၊ နယ်စပ်မျဉ်းနားက ဝေါ်လေမြို့ အဝင်နားမှာရှိတဲ့ ဝေါ်လေဗျုဟာ စခန်းကုန်းနဲ့ အဲဒီဗျုဟာရဲ့ ကာကင်းဖြစ်တဲ့ ထီးသဲလယ်စခန်းတွေကို KNU ဦးစီးတဲ့ပူးပေါင်းတပ်က အခု ဇူလိုင်လ အစောပိုင်းရက်တွေက စတင်ပြီး ပိတ်ဆို့ကာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာပါ။
“(တိုက်ပွဲက) သုံးရက်လောက်ရှိသွားပြီ၊ အစောပိုင်းရက်တွေက အသေးအသေးလေးတွေပဲ၊ အလုံးကြီးတွေကတော့ သုံးရက်ရှိသွားပြီ၊ သူတို့(စစ်ကောင်စီတပ်က) ထွက်ပေါက်ပိတ်နေတယ်” လို့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးဒေသခံက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဝေါ်လေမြို့ပေါ်က ဒေသခံပြည်သူတွေ ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ရသလို ထိုင်းစစ်တပ်ကလည်းမြန်မာဘက်ခြမ်းက တိုက်ပွဲတွေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းနယ်စပ်သတင်းတွေက ဖော်ပြထားပါတယ်။
ဒီနေ့ ညနေပိုင်း ၅ နာရီခန့်မှာ ဝေါ်လေမြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေရဲ့အသိပေးချက်အရသိရပါတယ်။
ဝေါ်လေမြို့က တိုက်ပွဲတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်က သတင်းမထုတ်ပြန်ပါဘူး။


















































