Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်ကြီးအင်ဘန်လအားတရုတ်အစိုးရ ထိန်းသိမ်းထားသည့်သတင်းမကြားရဟု KIOပြော

နာမကျန်းဖြစ်နေ၍ တရုတ်နိုင်ငံတွင်ဆေးကုသမှု ခံယူနေသည်ကို KIO အတည်ပြု

နာမကျန်းဖြစ်နေ၍ တရုတ်နိုင်ငံတွင်ဆေးကုသမှု ခံယူနေသည်ကို KIO အတည်ပြု

ဇူလိုင်-၉၊၂၀၂၅။ထားမြတ်၊​ဇော်ရမ်း/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လအား တရုတ်အစိုးရက ထိန်းသိမ်းထားသည်ဆိုသည့် သတင်းမကြားရကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်နှင့်ပတ်သက်​သောသတင်းများအဓိက​ဖော်ပြ​ပေး​နေ​သောThe Kachin Sub-State Media က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကိုတရုတ်အစိုးရမှ အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းထားဟု သတင်းများ ထွက်ပေါ် ဆိုသည့် သတင်းကို ဇူလိုင် ၉ရက်မနက်တွင်ဖော်ပြခဲ့သည်။တရုတ်အစိုးရက KIO ဥက္ကဋ္ဌကို အစည်းအဝေး ခေါ်ပြီး မပြန်ခိုင်းသည့် အနေအထားဟုKSSMကဖော်ပြထားခြင်းဖြစ်သည်။

“ဌာနချုပ်ကလူတွေကတော့မကြားဘူး။အဲဒီသတင်းကတော့ Kachin Sub-State Media နဲ့လူမှုကွန်ရက်မှာတက်နေတာတွေ့ရပါတယ်။ အခုကျွန်တော်လည်းသူတို့ကိုမေးမြန်း သူတို့ဘာမှဖြေကြားတာမရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ပြောသည်။

Public Service Announcement

Public Service Announcement

KIO ဥက္ကဌသည်လက်ရှိတွင်တရုတ်နိုင်ငံ၌ ကျန်းမာ‌ရေးဆေးစစ်နေသည်ကိုမူ အတည်ပြုသည်။

“အခုလောလောဆယ်တော့တရုတ်ပြည်မှာရှိတယ်။သူကကျန်းမာရေးသွားစစ်တာဖြစ်ပါတယ်။ သွားတာတောင်မှ မကြာဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောသည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လကိုတရုတ်အစိုးရက အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းသည့် သတင်းနှင့်ပတ်သက်၍ ကချင်သတင်းရင်းမြစ်အချို့အား မေးမြန်းရာတွင်လည်းအဆိုပါ ဖြစ်စဉ်မျိုး မကြားမိဟု ဖြေကြားသည်။KIA စစ်ရေးသတင်းများ ပုံမှန်ဖော်ပြနေသည့် ကချင်စစ်ရေးသတင်းရင်းမြစ်က “ မဟုတ်ပါ။ ဆေးကုနေတယ်။ (အစည်းအဝေးဆိုတာလည်း)မဟုတ်ပါ။ ကင်ဆာနဲ့ ဆီးချို။ တော်တော်နာမကျန်းဖြစ်နေတယ်။ ဘာအကျယ်ချုပ်မှ မဟုတ်ဘူး”ဟု ဖြေကြားသည်။

အမည်မ​ဖော်လိုသည့် KIA သတင်းရင်းမြစ်တဦးကလည်း “ကျနော်သိသလောက် အခုဒီမှာရေးတဲ့ ပုံစံလိုတော့ မဟုတ်ဘူးပေါ့။ကျနော်ထင်တာက ကျန်းမာရေးအရ ဆေးကုနေတယ်ထင်တယ်။ ကျနော်ထင်တာပေါ့နော်။ ဘာဖြစ်လို့လည်းဆို အရင်လကလည်း သူက တရုတ်ပြည်သွား ဆေးကုတာတွေရှိတာပေါ့။ ” ဟု ပြောသည်။ ထို့ကြောင့် အထိန်းသိမ်းခံရမှုမှာ မဖြစ်နိုင်ဘဲ ကျန်းမာရေးမကောင်း၍ အနားယူဆေးကုသနေသည့် အခြေအနေဟု ၎င်းက ပြောသည်။

“ကျနော်ထင်တာကတော့ မဖြစ်နိုင်ဘူးထင်တယ်။ ဘာဖြစ်လို့လည်းဆိုကျနော်တို့KIO အစိုးရနဲ့ တရုတ်က အဲဒီလောက်ကြီး သူတို့ ထိန်းချုပ်နိုင်လောက်အောင် ကျနော်တို့ ခေါင်းဆောင်တွေက အဲဒီလောက်ကြီးတော့ မဟုတ်ဘူးပေါ့။ အဓိက ပြောချင်တာက တရုတ်အစိုးရနဲ့ KIO အစိုးရက စီးပွားရေးမှာတော့ အတူတကွ အလုပ်လုပ်တယ်။ နိုင်ငံရေးနဲ့ စစ်ရေးမှာတော့ တရုတ်နဲ့တော့ ကျနော်တို့ KIO/KIA အစိုးရက နည်းနည်းခပ်ဝေးဝေးနေတဲ့ ဟာတွေတော့ရှိတယ်” ဟု KIA သတင်းရင်းမြစ်ကပြောသည်။

သို့သော်တရုတ်အစိုးရက KIA၏ စစ်ရေးနှင့်ပတ်သက်ပြီးဝင်ရောက်စွက်ဖက်မှုများ ဆက်တိုက်ရှိ​နေသည်ဟုသတင်းများထွက်​ပေါ်​နေသည်။ တရုတ်အစိုးရသည် စစ်ကောင်စီဘက်က ရပ်တည်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသား​တော်လှန်​ရေးတပ်ဖွဲ့များကို ဆက်တိုက်ဖိအား​ပေးခဲ့သည်။ MNDAA ​ခေါင်း​ဆောင် ဖုန်တာရွှင် ကို တရုတ်အစိုးရက ၂၀၂၄ ခုနှစ်တွင်တရုတ်နိုင်ငံ၌ အကျယ်ချုပ်ချထားခဲ့​ကြောင်းသတင်းများကျယ်ပြန့်စွာထွက်ခဲ့စဥ် တရုတ်အစိုးရက ဖမ်းဆီးထားခြင်းမဟုတ်ဘဲ ​ဆေးကုသမှုခံယူ​နေခြင်းသာ​ဖြစ်​ကြောင်း ပြန်လည်​ဖြေရှင်းခဲ့သည်။

တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ကိုးကန့်တပ်မတော်(MNDAA)သည်စစ်ကောင်စီနှင့် အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့ရပြီး သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးခဲ့ရသည်။

အလားတူ တအာင်းတပ်မတော်(TNLA)ကိုလည်း တရုတ်အစိုးရက ဖိအားပေးနေ၍ စစ်ကောင်စီနှင့် TNLA အကြား ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရသည်။

ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် KIAကိုလည်း တရုတ်အစိုးရက မြို့သိမ်းတိုက်ပွဲထပ်မံတိုက်ခိုက်လျှင် KIA ထိန်းချုပ်ထား​သော​​​​ဒေသများမှ ​မြေရှားများကို မဝယ်ယူ​တော့ဟုအကြပ်ကိုင်ထား​ကြောင်းလည်း ရိုက်တာသတင်းဌာန က ဇူလိုင် ၈ ရက်တွင်​ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။