ဇူလိုင်-၁၂၊၂၀၂၅။တေဇ/People’s Spring
စစ်ကောင်စီနှင့်ဆက်နွယ်ပတ်သက်နေသည့် စက်သုံးဆီဆိုင်များမှ ဆီဝယ်ယူသုံးစွဲခြင်းမပြုကြရန် မသုံးနဲ့(Ma Thone Nae)က ထပ်မံတိုက်တွန်းလိုက်သည်။
“အဓိကအားဖြင့် စစ်တပ်ကို တိုက်ရိုက် သို့မဟုတ် မသိမသာပဲ ထောက်ပံ့ဖြစ်စေနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ စက်သုံးဆီဆိုင်များ (fuel stations) ပါဝင်လာပါတယ်။အချို့စက်သုံးဆီကုမ္ပဏီတွေဟာ စစ်တပ်ပိုင် စီးပွားရေးအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေခြင်း၊ သို့မဟုတ် အမြတ်ငွေတစိတ်တပိုင်းကို စစ်တပ်ရဲ့ အဖွဲ့အစည်းများသို့ သွားလာစေခြင်းတွေ ဖြစ်တတ်ပါတယ်”ဟု Ma Thone Naeက တိုက်တွန်းထားသည်။
Ma Thone Nae သည် စစ်ကောင်စီ၏ ထုတ်ကုန်များနှင့် စစ်ကောင်စီနှင့် ဆက်နွယ်ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းအပါအဝင် အားလုံးကို အချက်အလက်များပြုစုပြီး ပြည်သူများအား အသိပေးဖော်ပြနေသော အဖွဲ့ဖြစ်သည်။

Public Service Announcement
စစ်ကောင်စီ၏ထိန်းချုပ်မှုအောက်တွင် ရောင်းချနေသည့် Myanma Petroleum Products Enterprise (MPPE) ၊ စစ်ကောင်စီကိုထောက်ခံသည့် ရွှေဗြိုင်းဖြူ Group၊ စစ်တပ်ပိုင်စီးပွားရေးများ (MEHL, MEC) စသည့် လုပ်ငန်းစုများအပြင် Terminal ၊ Myawaddy ၊ Denko၊ Ptt၊Htoo၊ MMTM(မြတ်မေတ္တာမွန်)၊ နီလာရိုးမ၊ ရွှေဗျိုင်းဖြူ ၊New Day ၊ Star Height စသည့် စက်သုံးဆီဆိုင်များသည် ရှောင်ကြည်ရမည့် ဆိုင်များဖြစ်ကြောင်း ယင်းအဖွဲ့က တိုက်တွန်းသည်။
အဆိုပါလုပ်ငန်းများမှ ရရှိသည့်အမြတ်ငွေများသည် ပြည်သူများအပေါ် အကြမ်းဖက်မှုများကျူးလွန်နေသည့် စစ်ကောင်စီ၏ လေ့ကျင့်ရေး ၊ လက်နက်ဝယ်ယူရေးတို့အတွက် အသုံးပြုခံနေရသည်ဟု ဆိုသည်။
ထို့ကြောင့် စက်သုံးဆီဝယ်ယူရာတွင် စစ်ကောင်စီနှင့် ဆက်စပ်မှုရှိမရှိ စုံစမ်းကာ ဆက်နွယ်မှုမရှိသည့် ဆိုင်များ၌ ဝယ်ယူရန် အပါအဝင် ရရှိထားသည့်သတင်းအချက်အလက်များကို ပြန်လည် မျှဝေပေးရန် Ma Thone Naeက အကြံပြုထားသည်။
“စစ်တပ်နှင့်ဆက်နွယ်သော စက်သုံးဆီဆိုင်များကို မသုံးဘဲ ရှောင်ကြဉ်ခြင်းသည် သာမာန်ပြည်သူတစ်ဦးအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်အပေါ် ဆန့်ကျင်နိုင်မည့် အကြမ်းမဖက်အာဏာဖီဆန်ရေး နည်းလမ်းတစ်ခုဖြစ်ပါတယ်။တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းနဲ့ဖြစ်စေ စစ်တပ်ကို ငွေကြေးထောက်ပံ့မှုမပေးဖို့ ကြိုးပမ်းကြပါစို့။”ဟု Ma Thone Nae ကတိုက်တွန်းသည်။


















































