ဇူလိုင်-၁၃၊၂၀၂၅ ၊ ထားမြတ်/People’s Spring
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ ညနှင့် ယနေ့(ဇူလိုင် ၁၃ရက်) နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူများထိခိုက်မှုရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)နှင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် ကျောက်မဲမြို့ကို ယနေ့ နံနက် ၆နာရီတွင် စစ်ကောင်စီက ထပ်မံဗုံးကြဲခဲ့ရာ ပိန္နဲကုန်းကျေးရွာအား သုံးလုံး၊ အ.မ.က(၁၃) စာသင်ကျောင်း၌ ဗုံး တစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLAက အသိပေးသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၆၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ နေအိမ် (၂)လုံးနှင့် ဇလပ်ဝါအချိုခြောက်စက်ရုံ၊ ကား (၃)စီးနှင့် ဆိုင်ကယ် ၅စီး ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
စစ်ကောင်စီသည် ဇွန်လ ၂၉ရက်မှ ဇူလိုင် ၁၂ရက်အထိ နှစ်ပတ်တာအတွင်း ကျောက်မဲမြို့ကို လေကြောင်း တိုက်ခိုက်မှု ၅ကြိမ် ပြုလုပ်ခဲ့သည်။
ထို့ပြင် နောင်ချို၊ မိုးကုတ်နှင့် သီပေါမြို့နယ်များကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ခုနစ်ဦး သေဆုံးခဲ့ရပြီး ကလေးငယ် နှစ်ဦးနှင့် ပြည်သူ ၃၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု TNLAက ထုတ်ပြန်သည်။
ထို့ပြင် နေအိမ် ၅၀ကျော်၊ စာသင်ကျောင်း တစ်ကျောင်း၊ ဘုန်းကြီးကျောင်း လေးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးခဲ့သည်ဟု အသိပေးသည်။
ပြည်သူ့ကာကွယ်ရေးတပ်(PDF) သိမ်းပိုက်ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်ကိုလည်း စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းတိုက်ခိုက်မှု ၂နေရာ ပြုလုပ်ခဲ့သည်။
သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ (၁၆)နှစ်အရွယ် မိန်းကလေး တစ်ဦး ဒဏ်ရာရခဲ့ပြီး ဇရပ်ကွင်းကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှုတွင် အမျိုးသမီး နှစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရခဲ့သည်ဟု ပြင်ဦးလွင်ခရိုင် ပကဖက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ဇူလိုင် ၆ရက်ကလည်း သပိတ်ကျင်းမြို့နယ် ဂေါက်ကွင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ဇူလိုင် ၅ရက်ကလည်း ဇရပ်ကွင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ နှစ်ဦးဒဏ်ရာရခဲ့သည်။ စစ်ကောင်စီသည် ယခုလအတွင်း ဇရပ်ကွင်းကျေးရွာကို ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်ရေး လေကြောင်းရေး ကာကွယ်နိုင်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လည်း TNLAနှင့် ပြင်ဦးလွင်ခရိုင် ပကဖက ပြည်သူများအား တိုက်တွန်းထားသည်။


















































