Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ်အချင်းချင်းအကြားတိုက်ပွဲ ပါဝင်ခြင်းမရှိဟု ချင်းညီနောင်၏မဟာမိတ် အညာညီနောင် နှင့် ယောတပ်တော် ထုတ်ပြန်

ချင်းလက်နက်ကိုင်တပ်အချင်းချင်းအကြား တိုက်ပွဲများအတွင်း ပါဝင်ခြင်းလုံး၀မရှိကြောင်း ချင်းညီနောင်၏ မဟာမိတ်တပ်များဖြစ်သော ယောတပ်တော်နှင့် အညာညီနောင် တပ်များက ထုတ်ပြန်ကြေညာ အသိပေးသည်။

ဇူလိုင်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းလက်နက်ကိုင်တပ်အချင်းချင်းအကြား တိုက်ပွဲများအတွင်း ပါဝင်ခြင်းလုံး၀မရှိကြောင်း ချင်းညီနောင်၏ မဟာမိတ်တပ်များဖြစ်သော ယောတပ်တော်နှင့် အညာညီနောင် တပ်များက ထုတ်ပြန်ကြေညာ အသိပေးသည်။

ဇူလိုင်လအတွင်းက ဖလမ်းမြို့နယ်အတွင်း၌ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)နှင့် ချင်းပြည်ကောင်စီ အဖွဲ့ဝင်များဖြစ်သော CNA ၊ CDF ဟွာလ်ငိုးရမ်း အကြား တိုက်ပွဲဖြစ်ပွားခဲ့မှု နှင့်ပတ်သက်၍ အညာညီနောင်တပ်ဖွဲ့ဝင်များဖြစ်သည့်ဗမာ အမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၊ Generation Z Armyတပ်များ၊ ယောတပ် တော် (YA)တို့က ဇူလိုင် ၁၃ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

CNO/ CNDFနှင့် HPO/ CDF Hualngoram ပဋိပက္ခအကြား အခြားသောအဖွဲ့အစည်းအချို့နှင့်အတူ ယောတပ်တော်ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် CNF/CNA တာဝန်ရှိသူတစ်ဦးမှ ပြောဆိုခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ ချင်းပြည်တွင်းရေးကိစ္စတွင် ပါဝင်ပတ်သက်မှု မရှိကြောင်းကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင် အတွင်းရေးမှူးမှတဆင့် ဆက်သွယ်ကန့်ကွက်ခဲ့ရာ CNF/CNA မှလည်း အဆိုပါကိစ္စသည် မြေပြင်သတင်းအချက်အလက် အားနည်းမှုဖြစ်နိုင်ကြောင်း ပြန်လည် အကြောင်းပြန်ကြားခဲ့ဟု ယောတပ်တော်၏ ကြေညာချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယောတပ်တော်သည် ချင်းညီနောင် (CB)နှင့်မဟာမိတ်အဖြစ် ဘုံရန်သူ စစ်သုံးစစ် ဖြုတ်ချရေးတွင် လက်တွဲပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သော်လည်း ချင်းအမျိုးသားတည်ဆောက် ရေး၊ ချင်းပြည်ကံကြမ္မာနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နေခြင်း မရှိကြောင်း ချင်းပြည်သူလူထုအား သိရှိစေလိုဟု ဖော်ပြသည်။

CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ၏ ပြန်ကြားစာတွင်လည်း HPO/CDF – Hualngoramနှင့် CNO/CNDF အကြား နှစ်ဖက် စစ်ရေးပွတ် တိုက်မှုတွင် Yaw Army ပါဝင်ကြောင်း ပြောဆိုခဲ့မှုမှာ မြေပြင် သတင်းအားနည်းချက် ဖြစ်နိုင်ကြောင်း ရိုးသားစွာ အကြောင်းပြန်အပ်ပါသည်ဟု ပါရှိသည်။

အညာညီနောင်၏ ကြေညာချက်တွင်လည်း ဖလမ်းမြို့ နယ်တွင်ဖြစ်ပွားနေသော CDF-Hualngoram, CNF/CNAနှင့် CNO/CNDF တို့၏ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်အတွင်း အညာညီနောင် (BNRA-GZA) အနေဖြင့် ပါဝင်မှု လုံးဝ(လုံးဝ)မရှိကြောင်း အသိပေးကာ လတ်တလော ပဋိပက္ခများကြောင့် CNO/CNDFမှ စီစဉ်သည့် စနိုက်ပါသင်တန်းသို့ စေလွှတ်ထားသော အညာညီနောင် (BNRA-GZA)မှ သင်တန်းသားအချို့ ကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ဟု ဖော်ပြသည်။

ချင်းတော်လှန်ရေးညီအစ်ကိုများအနေဖြင့်လည်း လက်ရှိအခက်အခဲအကြပ်အတည်းများကို အကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်ပါစေကြောင်း ဆန္ဒပြုသည်ဟု အညာညီနောင်၏ ကြေညာချက်၌ ဖော်ပြထားသည်။

ယခု ကြေညာချက် ထုတ်ပြန်ရှင်းလင်းခဲ့သည့် အညာညီနောင် (BNRA-GZA) နှင့် ယောတပ်တော်တို့သည် ချင်းညီနောင်တပ်များနှင့်လက်တွဲပြီး ချင်းပြည်နယ်အတွင်း မြို့သိမ်းစစ်ဆင်ရေးများ၌ ပါဝင်ခဲ့သည့် အဖွဲ့များဖြစ်သည်။

လတ်တလော ချင်းတိုင်းရင်းသားအချင်းချင်းအကြား တိုက်ပွဲများ ရပ်တန့်ပြီး နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားရာ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်မည့် အလားအလာနှင့်ပတ်သက်၍ ချင်းညီနောင်၊ ချင်းပြည်ကောင်စီတာဝန်ရှိသူ အချို့ထံဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်း-မကွေးအစပ်မှာ အာဏာသိမ်းစစ်တပ်က စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတဲ့အပေါ် အတူစုပေါင်းရင်ဆိုင်ရန်လိုအပ်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ခေါင်းဆောင်တွေက တိုက်တွန်းနှိုးဆော်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်အပြီးမှာ ကယ်ဆယ်ရေးလုပ်သူတွေကို ထပ်မံ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားပြီး ဒီလို ပစ်မှတ်ထား တိုက်ခိုက်တာကို သတိရှိဖို့ လူစုလူဝေး တက်နိုင်သမျှ ရှောင်ဖို့ သတိပေးထားပါတယ်။