Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်းတိုက်ပွဲ တပ်ရင်းမှူးဗိုလ်မှူးကျော်ဆက် အပါအဝင် စစ်တပ် သေဆုံးမှုများဟု ချင်းတပ်ထုတ်ပြန်

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

(မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်များ အတွင်းသို့ ထိုးစစ်ဆင်နေသော အာဏာသိမ်းစစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်)

စစ်သုံ့ပန်း၊ ရုပ်အလောင်း၊ လက်နက်မျိုးစုံနဲ့ စစ်အသုံးအဆောင်များစွာ သိမ်းရ

တိုက်ပွဲ ၂လခွဲကျော်အတွင်း စစ်တပ်က အရပ်သားတွေ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၀၀ကျော်ပြုလုပ်

ဩဂုတ် ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်များ အတွင်း ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို CPAနဲ့ မဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ မေလလယ်ကနေ ဇူလိုင်လကုန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတယ်လို့ အသိပေးကာ စစ်တပ်ထိုးစစ်တွေကို အကောင်းဆုံးခုခံထားတယ်လို့ ဆိုပါတယ်။

ချင်းပြည်သူ့တပ်မတော် (CPA)၊ ချင်းညီ နောင် (CB)အဖွဲ့ဝင်များ၊ ယောဒေသ တပ်များဖြစ်သော (YA)၊ (YDF) အပါအဝင် အခြားသော တော်လှန်ရေးမဟာမိတ်တပ်များနဲ့ လက်တွဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်တပ်ရဲ့ ယာယီအခြေပြု နေရာတွေကို တန်ပြန်ထိုးစစ်ဆင်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

“ ရန်သူ့တပ်ရင်းမှူး ဗိုလ်မှူးကျော်ဆက် အပါအဝင် တပ်မှူးအချို့ကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရသည်အထိ မိမိတို့တပ်ဖွဲ့ဝင်များ အကောင်းဆုံး တုံ့ပြန်တိုက်ခိုက် နိုင်ခဲ့ကြသည်။ ရန်သူ့အလောင်းများ၊ လက်နက်ခဲယမ်းမျိုးစုံနှင့်၊ ဒရုန်းများ၊ ဂျန်မာများ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းတချို့ကိုပါ ဖမ်းဆီးရမိခဲ့ပါသည်။ စစ်ကောင်စီတပ်မှ ထွက်ပြေးလာ၍ တော်လှန်ရေးတပ်များထံတွင် လက်နက်ချပူးပေါင်းလာသူများလည်းရှိခဲ့ပြီး ၎င်းတို့ကို မိမိတို့မှ ကောင်းမွန်စွာ နေရာချပေးထားရှိပြီး မိသားစုများထံသို့ လုံခြုံစွာဖြင့် ပြန်လည်ပို့ဆောင် ပေးရန်ကိုလည်း စီစဉ်ထားရှိပါသည်” လို့ ချင်းတပ် CPAက ထုတ်ပြန်ပါတယ်။

တိုက်ပွဲ ၂လခွဲတာအတွင်း စစ်တပ်က လေကြောင်းက အပြင်းအထန် တိုက်ခိုက်ခဲ့သလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ကျူးလွန်ခဲ့ကြောင်း ဖော်ပြပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ ယောဒေသခံ အသက်(၇၀)အရွယ် အရပ်သား ၂ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ရာ မဟာမိတ်တပ်တွေက အရပ်သား ပြည်သူ ၁ဦးကို ကယ်တင်ပြီး မိသားစုထံ ပြန်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အရပ်သား ၁ဦးဟာ စစ်တပ်က သတ်ဖြတ်ခဲ့လို့ သေဆုံးနေတာ တွေ့ရကြောင်း ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဒေသခံတွေကို အငြိုးထားကာ ကျေးရွာများအား မီးရှို့ခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းများကိုဆက်တိုက်ကျူးလွန်နေကြောင်း ထုတ်ပြန်ပါတယ်။

မြေပြင်တိုက်ပွဲမှာ အထိနာတဲ့ စစ်တပ်ဟာ မြို့၊ ရွာများ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းနဲ့ ဆေးရုံများအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မေလကနေ ဇူလိုင်လကုန်အထိ ချင်းတောင်ပိုင်းကို လေကြောင်း တိုက်ခိုက်မှု အကြိမ် ၆၀၀ကျော် ပြုလုပ်ခဲ့ကြောင်း ဖော်ပြပါတယ်။

စစ်တပ်ဟာ ချင်း-မကွေးအစပ် လောင်းရှည်-ဆောလမ်းအတိုင်း အင်အားအများအပြားဖြင့် ချီတက်လာရာ ဒေသခံ တော်လှန်ရေးတပ်တွေရဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှုကြောင့် အထိနာ ဆုတ်ခွာနေရကြောင်းလည်း ချင်းတပ်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပေါက်-ကျောက်ထု-ထီးလင်းလမ်းပိုင်းမှ အင်အားဖြည့်ရန် ကြိုးစားနေပေမဲ့ ရည်ရွယ်ချက် မမြောက်ဘဲ နေရာစုံမှာ ဖြတ်တောက် ပိတ်ဆို့တိုက်ခိုက်ခံနေရလို့ စစ်တပ် ထိခိုက်ကျဆုံးများစွာ တပ်ပြန်ဆုတ်နေရကြောင်း ဖော်ပြထားပါတယ်။

ဘုံရန်သူကို တိုက်ခိုက်နေကြသော ဘဝတူတော်လှန်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးကာလအတွင်း ကျရာတာဝန်ကို တာဝန်သိစိတ်ဖြင့် ကျေပွန်စွာထမ်းဆောင်ပေးနေကြသော ပြည်သူ များအား အလေးအနက် အထူးဂုဏ်ပြုကြောင်းလည်း ချင်းတပ် CPU/CPAက ထုတ်ပြန်ပါတယ်။တိုက်ပွဲအသီးသီးတွင် အသက်ပေးလှူသွားခဲ့ကြသော အာဇာနည်များနဲ့ ဒဏ်ရာရသူရဲကောင်းများကိုလည်း လေးနက်စွာ ဦးညွတ်ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။