ဇူလိုင်-၁၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring
တော်လှန်ရေးနယ်မြေ တပ်ဖွဲ့အသီးသီး၌ ရပ်တည်တိုက်ပွဲဝင်နေကြသော ဒိုက်ဦးမြို့နယ် အတွင်းမှ ရဲဘော်များအနေဖြင့် စုစည်းတာဝန် ထမ်းဆောင်ရန်လာရောက်ကြဖို့ ဒိုက်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ဖိတ်ခေါ်လိုက်သည်။
မြို့၏ညီနောင်ရဲဘော်များနှင့် စုစည်းတာဝန်ထမ်းဆောင်လိုသောကြောင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင် လုပ်ကိုင်နိုင်ကြရန်နှင့် ထိုသို့ပူးပေါင်းဆောင်ရွက်လာပါက နွေးထွေးဝမ်းသာစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်အပ်ပါသည်ဟု ပကဖမှ အသိပေးသည်။
” အဓိကအားဖြင့်က ဒိုက်ဦးမြို့ရဲဘော်တွေ ကိုယ့်မြို့နယ်(ပကဖ)အဖွဲ့နှင့် အချိတ်အဆက်အ ဆက်အသွယ်မရတဲ့ရဲဘော် ရရှိအောင် မြို့က PDF ရဲဘော်အားလုံး စုစည်းချင်ပြီး ကိုယ့်မြို့ နယ်မှာ လာရောက်အတူတာဝန်ထမ်းဆောင်စေကြချင်တာပါ”ဟု ဒိုက်ဦးမြို့နယ် ပကဖ မှတာ ဝန်ရှိသူတစ်ဦးက လူထုနွေဦးမှတဆင့် သတင်း စကားပါးသည်။

Public Service Announcement
လတ်တလောတွင် ဒိုက်ဦးမြို့နယ် ပကဖ အနေဖြင့် ပဲခူးတိုင်းအရှေ့ခြမ်းစစ်ရေးခွင်၌ ကရင် အမျိုးသားအစည်းအရုံး(KNU)/KNLA အပြင် ပဲခူးခရိုင် ပကဖ၊ ကဝမြို့နယ် ပကဖ အပါအဝင် ဒေသတွင်းတော်လှန် ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများကို တိုက်ခိုက်လျှက်ရှိသည်။
ယင်းစစ်ရေးလှုပ်ရှားမှုများအနက် ယခုနှစ်တွင် လူသိများသော စစ်ဆင်ရေးတစ်ခုဖြစ်သည့် ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ(၅၉၈)တပ်ရင်းသိမ်းတိုက်ပွဲတွင် မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည်။


















































