ဇူလိုင် – ၂၂ ၊၂၀၂၅ /People’s Spring
အင်းစိန်ထောင်မှာကျဆုံးသွားတဲ့ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဗဟိုအလုပ်အမှုဆောင်နိုင်ငံရေးအကျဉ်းသူမဝတ်ရည်အောင်ရဲ့နာရေးစျာပနကို ဒီနေ့ (ဇူလိုင် ၂၂ )ရက်ကရန်ကုန်မြို့၊ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။
နာရေးကို၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးမြအေးတက်ရောက်တာတွေ့ရပြီး “လင်းလက်တောက်ပစဲကြယ်တစ်ပွင့်၏ ခရီး စဉ်…..။” လို့ မဝတ်ရည်အောင်ရဲ့ နောက်ဆုံးခရီးကို ဓာတ်ပုံတွေနဲ့ လူမှုကွန်ရက်မှာ နှုတ်ဆက်ရေးသားထားပါတယ်။
ဒါအပြင် မဝတ်ရည်အောင်ကို ချစ်ခင်တန်ဖိုးထားကြတဲ့ မိတ်ဆွေတွေ၊ နိုင်ငံရေးအကျဉ်းသူဟောင်းတွေ ၊ သူငယ်ချင်းတွေကလည်း လွမ်းသူ့ ပန်းခွေပေးပို့ပြီး ဂုဏ်ပြုကြပါတယ်။

Public Service Announcement
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ သတ္တဗေဒ-ဒုတိယနှစ်ကျောင်းသူ မဝတ်ရည်အောင်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်မှာ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးပြီးနောက်နိုင်ငံဆူပူအောင်လှုံဆော်မှုရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ထောင် ၃ နှစ်ချပါတယ်။
အဲဒီနောက်၂၀၂၃ခုနှစ် ၊ ဇွန်လ၂၇ရက်မှာ အကြမ်းဖက်ပုဒ်မ ပုဒ်မ၅၂ (က) နဲ့ ထောင်ဒဏ် ၄ နှစ်ထပ်ချတာကြောင့် မဝတ်ရည်အောင်ဟာ စုစုပေါင်းထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရတာပါ။
ထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ မဝတ်ရည်အောင်ဟာ ဇူလိုင်လ၂၀ ရက် က အင်းစိန်ထောင် မှာ ကျဆုံးသွားခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ဟာ စစ်ကြောရေးက နှိပ်စက်ညှင်းပန်းမှုဒဏ်၊ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန်မရတာတွေကြောင့် ဆုံးပါးတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဆိုပါတယ်။
စစ်ကြောရေးမှာနှိပ်စက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဦးနှောက်အကျိတ်တည်တာ ၊ တက်တာ ၊ သတိလစ်တာ စတဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လို့သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီး ရဲ့ စာမှာ နာတာရှည် အတက်ရောဂါနဲ့ အင်းစိန်ဆေးရုံကြီးမှာ သေဆုံးတယ်လို့ ဆိုထားပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကတော့ ထောင်ထဲမှာ မတရား ဖိနှိပ်မှု၊ အတင်းအဓမ္မ နှိပ်စက်မှု၊ ကျန်းမာရေး စောင့်ရှောက်ခွင့်မပေးတာတွေကို ခံစားနေရပြီး စစ်ကြောရေးရဲ့အကြမ်း ဖက် နှိပ်စက်မှုတွေကြောင့် မဝတ်ရည်အောင်ဟာ ကျန်းမာရေးဆိုးဝါးနေပြီး စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ၂၀၂၃ ခုနှစ်ကတည်းက ထုတ်ပြန်အသိပေးထားခဲ့ပါတယ်။

























































