ဇော်ရမ်း/People’s Spring
မိုးသည်းထန်စွာရွာပြီးနောက်ကလောမြို့တွင် ရေဘေးထပ်မံကြုံတွေ့နေပြီး ရှမ်းပြည်နယ်ရှိမြို့နယ် ငါးခုထက်မနည်းရေဘေးကြုံနေသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း နှင့် တောင်ပိုင်း၌ ဇူလိုင်လ၂၀ရက်မှစ၍ မိုးဆက်တိုက်ကောင်းခဲ့ပြီးနောက် တာချီလိတ်၊ မိုင်းဆတ်၊ ဝဒေသမှ မိုင်းပေါက်နှင့် ပန်ခမ်းမြို့တွင် ရေဘေးကြုံနေပြီး ယခုအခါ ကလောမြို့နှင့် ဘေးပတ်ဝန်းကျင်မြို့နယ်အချို့ ရေကြီးနေခြင်းဖြစ်သည်။
“ရေက တက်လာတာမြန်တယ်။ နဝင်းချောင်းက ရေ အရမ်းများနေပြီ။ တရိပ်ရိပ်တက်နေပြီး မိုးကဆက်ရွာနေပါတယ်”ဟု ကလောမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
လက်ရှိတွင် ကလောမြို့ပေါ်ရပ်ကွက်အချို့၌ ရေ ၃ ပေခန့်မြင့်တက်နေပြီး တောင်ကျရေများ စီးနေကြောင်းဒေသခံအချို့ကပြောသည်။ ထို့အပြင် ညောင်ရွှေမြို့၌လည်းမြေနိမ့်ပိုင်းရပ်ကွက်အချို့၌ရေကြီးနေသည်။
ကလောမြို့သည် ပြီးခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလက ရာဂီမုန်တိုင်း အကြွင်းအကျန်တိမ်စိုင်များကြောင့် ဆိုးရွားသည့် ရေဘေးကြုံခဲ့သည်။ရာဂီမုန်တိုင်းကြောင့် ထိခိုက်မှုများကို ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးခင် မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့်လည်းထိခိုက်ပျက်စီးမှုရှိခဲ့သည်။
လက်ရှိတွင် တာချီလိတ်မြို့တွင်လည်း မြို့ပေါ်ရပ်ကွက်များရေကြီးနေသည်။ပုန်းထွန်၊တာလော့နှင့် မကာဟိုခမ်းရပ်ကွက်၌ ရေကြီးနေပြီး ဒေသခံများ ရေဘေးရင်ဆိုင်နေရသည်။အလားတူဝဒေသမှ မိုင်းပေါက် နှင့် ပန်ခမ်းမြို့တွင် ရေဘေးကြုံနေပြီး လူထိခိုက်သေဆုံးမှုများရှ်ိနေသည်။
ထို့အပြင် ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ်၊ ဘားအံမြို့များနှင့်ပဲခူးတိုင်းတောင်ငူမြို့တွင်လည်း ရေကြီးနေ၍ စစ်တောင်းမြစ်ဘေးကျေးရွာအချို့မှဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သတင်းရရှိသည်။
ရေဘေးကြုံတွေ့နေစဉ် ဇူလိုင်လ ၂၈ရက်မှ ဩဂုတ်လ ၃ရက်အတွင်း ဒေသအများအပြား မိုးဆက်ကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။ မုတ်သုံလေအားကောင်းနေ၍နေပြည်တော်၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု MOHADMက သတိပေးထားသည်။
ယခုရက်ပိုင်း၌ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်း၊ မြဝတီမြို့တွင် သောင်ရင်းမြစ်၊ ဘားအံမြို့တွင် သံလွင်မြစ်၊ တောင်ငူမြို့တွင် စစ်တောင်းမြစ်တို့ စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေသည်။
























































