ဇူလိုင်-၂၈၊ ၂၀၂၅။ မေရီ/People’s Spring
မိုးကုတ်မှာ လမ်းပိုင်း ၆ခုကို ရှစ်ရက်ကြာ ပိတ်ထားမယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော်(PSLF/TNLA)က အသိပေးထားကြောင်း မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်-ကျောက်မဲ ကားလမ်း၊ မိုးကုတ်-မိုးမိတ် ကားလမ်း၊ မိုးကုတ်-စဥ့်ကူး ကားလမ်း၊ မိုးကုတ်-သပိတ်ကျင်း ကားလမ်း၊ ပြင်ဦးလွင်-အုမ္မတီး-အုမ္မခါး-မိုင်းလုံ ကားလမ်း၊ တကောင်း-တွင်းငယ်-မိုးမိတ် ကားလမ်း စတဲ့ လမ်းပိုင်းတွေမှာ မော်တော်ယာဥ်ကြီးငယ်များအားလုံး ဇူလိုင် ၂၉ရက်ကစလို့ သြဂုတ် ၅ ရက်အထိ ယာယီ အသုံးပြုခွင့်ပိတ်ထားမယ်လို့ PSLF/TNLAက အသိပေးထားကြောင်း မြို့ခံတွေက ပြောပါတယ်။
“စာရွက်တွေ ဂိတ်မှာလာဝေသွားပါတယ်”လို့ ခရီးသည်ယာဥ်လိုင်းတစ်ခုက တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အိမ်စီးမော်တော်ယာဥ်တွေကို သြဂုတ် ၆ ရက်မှာ ပြန်လည်ဖြတ်သန်းခွင့်ပြုမှာဖြစ်ပြီး ကုန်တင်ယာဥ်တွေနဲ့ မော်တော်ယာဥ်ကြီးတွေကိုတော့ ဒီကြေညာချက် ထုတ်ပြန်ချိန်ကစပြီး နောက်ထပ်ကြေညာချက်မထုတ်ခင်အထိ ပိတ်ထားမယ်လို့ အသိပေး ကြေညာချက်မှာ ဖော်ပြပါတယ်။
မိုးကုတ်လမ်းဟာ ပြီးခဲ့တဲ့လတွေကတည်းက လမ်းကြောင်းတလျှောက် တိုက်ပွဲတွေကြောင့် မန္တလေး-မိုးကုတ်ခရီးကို စစ်ကိုင်းတိုင်းဘက်ကနေ ပတ်သွားနေရပါတယ်။ လမ်းပိုင်းရက်ရှည်ပိတ်ထားမှာမို့ ကုန်ပစ္စည်းတွေစျေးတက်မှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်က လမ်းပိုင်းတွေမှာ မိုးအဆက်မပြတ် ရွာသွန်းတာ၊ မြေပြိုတာ၊ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေလို့ လမ်းတံတားတွေ ပျက်စီးပြီး ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေကြောင်း၊ ဒါ့ကြောင့် ယာဥ်ကြောပိတ်ဆို့မှု ရှင်းလင်းရေးနဲ့ လမ်းတံတားတွေ ပြင်ဆင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကားလမ်းပိုင်းတွေကို အသုံးပြုခွင့် ယာယီပိတ်ထားတာဖြစ်ကြောင်း ကြေညာချက်မှာ အသိပေးထားပါတယ်။
စစ်ကောင်စီဟာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ မိုးကုတ်ကိုလည်း လေကြောင်းကနေ မကြာခဏ လေကြောင်းကနေ ဗုံးကြဲနေပြီး ဇူလိုင် ၂၆ ရက်က ရွှေလိပ်ပြာဟိုတယ်ကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့ပါတယ်။


















































