Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မြို့လေကြောင်းတိုက်ခိုက်မှု ကလေးငယ်အပါအဝင် ပြည်သူ ၆ဦးသေဆုံး၊ ၇ဦးဒဏ်ရာရ

TNLAထိန်းချုပ်နယ်မြေကို ဇူလိုင်အတွင်း စစ်ကောင်စီတိုက်ခိုက်မှု ပြည်သူ ၂၀ကျော်သေဆုံး၊ ၅၀ကျော်ဒဏ်ရာရ

ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဇူလိုင်-၃၀၊ ၂၀၂၅။ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၆)ဦးသေဆုံးပြီး (၇)ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းTNLAက ယနေ့(ဇူလိုင် ၃၀ရက်)ထုတ်ပြန်သည်။

ယနေ့ ဇူလိုင် ၃၀ရက် နံနက်အစော(ယမန်နေ့ညသန်းခေါင်ကျော်)တွင် ကွတ်ခိုင်မြို့ ရပ်ကွက် (၂)ရှိ ရာစုသစ်ဟိုတယ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား လေးဦး သေဆုံးခဲ့ရပြီး အမျိုးသမီး သုံးဦးနှင့် အမျိုးသား လေးဦး ထိမှန်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၂)လုံး၊ တည်ခိုးခန်း အဆောက်အဦးအချို့ ထိခိုက်ပျက်စီးဟု အသိပေးသည်။

ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – TNLA

“ဟိုတယ်ရဲ့ဘေးအိမ်က ကလေးတစ်ယောက်နဲ့အဖွားအိုတစ်ယောက်။ဟိုတယ်က ခရီးသွား၃ယောက် သေဆုံးတယ်။ ကွတ်ခိုင်ကိုတောင် ဗုံးကြဲတယ်ဆိုတော့ ရှမ်းမြောက်တစ်ခုလုံး သတိထားကြရမယ်ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများကို စစ်ကောင်စီက လေကြောင်း ၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာယခု ဇူလိုင်အတွင်း မြို့ ၇မြို့ကို လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆေင်ခဲ့သည်။

TNLA သိမ်းပိုက်ထားသည့် ကျောက်မဲ၊ မိုးကုတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ သီပေါနှင့် ကွတ်ခိုင် မြို့များကို စစ်ကောင်စီက ဇူလိုင်အတွင်း လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သလို ယခင်က TNLAက သိမ်းပိုက်ထားပြီး ဇူလိုင် ၁၅ရက်တွင် စစ်ကောင်စီက ပြန်လည်ဝင်ရောက်နေရာယူထားပြီးတိုက်ပွဲများ ဆက်ဖြစ်နေသည့် နောင်ချိုမြို့နယ်ကိုလည်း စစ်ကောင်စီက တိုက်ခိုက်မှု ဆက်လုပ်ခဲ့သည်။

TNLA၏ ဇူလိုင် ၂၉ရက် ထုတ်ပြန်ချက်များအရ ဇူလိုင်အတွင်း ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနှင့် မိုးကုတ် မြို့နယ်များကို လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၈ကြိမ် ပြုလုပ်ခဲ့ရာ ကလေးငယ် အပါအဝင် ၁၅ဦး သေဆုံးကာ ၄၈ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် ယနေ့မနက် အစော ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးထိခိုက်သူများအပါအဝင် သေဆုံးသူ ၂၁ဦး ရှိပြီး ဒဏ်ရာရသူ ၅၅ဦး ထိရှိလာပြီဖြစ်သည်။

လေကြောင်း တိုက်ခိုက်မှုများကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် အဆောက်အဦး ၈၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသည်ဟု TNLA က ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဇူလိုင်လကုန်ပိုင်းတွင် TNLAနယ်မြေကို လေကြောင်း စစ်ဆင်ရေး ပိုမိုပြုလုပ်လာခြင်းလည်းဖြစ်သည်။ မိုးကုတ်၊ မိုင်းလုံ၊ ကျောက်မဲ၊ သီပေါမြို့နယ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအနက် ဇူလိုင် ၂၆ရက်က မိုးကုတ်မြို့ ရွှေလိပ်ပြာ ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာ အမျိုးသား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်။

နောင်ချိုမြို့နယ်ကိုလည်း စစ်ကောင်စီက ဇူလိုင် ၂၆ရက်တွင် လေ ကြောင်း ဗုံးကြဲခဲ့ရာ ပြည်သူ သုံးဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကိုလည်း ဇူလိုင် ၂၆ရက်က စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ အမျိုးသား တစ်ဦး သေဆုံးခဲ့သည်။

ဇူလိုင် ၂၉ရက်တွင် မိုးကုတ်မြို့ အရှေ့ပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အမျိုးသား ၂ဦး အမျိုးသမီး ၁ဦး သေဆုံးပြီး အမျိုးသား ၁၁ဦး၊ အမျိုးသမီး ၇ဦး စုစုပေါင်း ၁၈ဦး ဒဏ်ရာရခဲ့သည်။

မိုးကုတ် မင်းတံတား ရပ်ကွက် ရွှေဘုန်သာရပ်ကွက် နှင့် BOC ကားကြီးကွင်းအနီး လေကြောင်း ဗုံးကြဲခဲ့ရာ ထိခိုက်သေဆုံးမှုများခဲ့ခြင်းဖြစ်သည်။

မိုင်းလုံမြို့ကိုစစ်ကောင်စီကဇူလိုင်၂၉ရက်ညနေပိုင်း၌လေကြောင်းတိုက် ခိုက်ခဲ့ရာ အမျိုးသား တစ်ဦးသေဆုံးကာ နေအိမ်များ ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က ထပ်မံ သတိပေးနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။