Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ အရေးပေါ်အခြေအနေ ရုတ်သိမ်းမှု တိုးတက်မှု အရိပ်အယောင်မပြကြောင်း ဂျပန်ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီက ဇူလိုင် ၃၁ရက် မနေ့က အရေးပေါ်အခြေအနေရုတ်သိမ်းခဲ့ပေမယ့် လက်ရှိအခြေအနေမှာ တိုးတက်မှု အရိပ်အယောင်မပြနိုင်သေးဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိဝါယတာကဲရှိ။ ဓာတ်ပုံ - SCMP

ဩဂုတ်-၁၊ ၂၀၂၅။ People’s Spring

အာဏာသိမ်းစစ်ကောင်စီက ဇူလိုင် ၃၁ရက် မနေ့က အရေးပေါ်အခြေအနေရုတ်သိမ်းခဲ့ပေမယ့် လက်ရှိအခြေအနေမှာ တိုးတက်မှု အရိပ်အယောင်မပြနိုင်သေးဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးတိုးတက်မှု မရှိဘဲ အထွေထွေရွေးကောက်ပွဲများကျင်းပပါက၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား စိတ်ရင်းမှန်နဲ့ တွေ့ဆုံဆွေးနွေးခြင်းလို နိုင်ငံရေးတိုးတက်မှုဆီ တွန်းအားပေး ဆောင်ရွက်ခြင်းမပြုပါက မြန်မာပြည်သူတွေရဲ့ ပိုမိုပြင်းထန်တဲ့ တုန့်ပြန်မှုတွေကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိဝါယတာကဲရှိက သတိပေးပြောကြားပါတယ်။

အာဏာသိမ်းမြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နိုင်ငံရေးစနစ် အမြန်ဆုံးပြန်လည်ထူထောင်ဖို့ ဂျပန်အစိုးရက ထပ်မံတိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

အရေးပေါ်အခြေအနေရုတ်သိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သဘောထားထုတ်ပြန်ရာမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် လေးနှစ်ခွဲကျော် ကြာမြင့်ချိန်အထိ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခြားအကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အခြေအနေမှာ တိုးတက်မှုလက္ခဏာမရှိတာကြောင့် အလွန်အမင်း စိုးရိမ်မိကြောင်းနဲ့ ရှုတ်ချကြောင်း ဖော်ပြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မနေ့က စစ်ကောင်စီကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မရှင်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမှာ ဖြစ်သလို ယာယီသမ္မတရာထူးကိုလည်း ဆက်ယူထားပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာပြည်သူတွေရဲ့ အသံတွေကို ဂရုတစိုက် နားထောင်ပြီး သက်ဆိုင်သူ အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်း အသိပေးပါတယ်။

ပြီးခဲ့တဲ့ မတ်လ ငလျင်ဒဏ်ကြောင့် နဲ့ ကြာရှည်နေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာပြည်သူလူထုရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ထိခိုက်ခဲ့ရပြီး မြန်မာပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ ပြည်သူ့ဘဝ တိုးတက်ရေးအတွက် အထောက်အပံ့တွေကို ဂျပန်နိုင်ငံက တက်ကြွစွာ ပံ့ပိုးပေးသွားမယ်လို့လည်း ကတိပြုထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အရေးပေါ်ရုတ်သိမ်းမှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်နေပြီး နိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေး၊ ရင်ကြားစေ့ရေး ၊ ပြည်တွင်း နိုင်ငံရေး အခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအတွက် ခိုင်မာစွာ ရပ်တည်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါ့အပြင်ဟာ တရုတ်ဟာ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို လိုက်နာပြီး မြန်မာနိုင်ငံရှိ ပါတီအားလုံးရဲ့ လိုအပ်ချက်နဲ့အညီ တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို မြှင့်တင်ဆောင်ရွက်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဖို့ အသင့်ရှိကြောင်း အဲဒီပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

Facebook