ဩဂုတ်-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
ရက္ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သား သစ်များအား အတင်းအကြပ် ခြိမ်းခြောက်ပြီး တိုက်ပွဲဝင်ခိုင်းနေကြောင်း ကျောက်ဖြူစစ်မြေပြင်မှ AA ထံ အလင်းဝင်လာသူ တပ်သား မောင်မောင်ဝင်းက ပြောသည်။
တပ်သား မောင်မောင်ဝင်းသည် ၂၀၂၅ မတ်လတွင် အတင်းအဓမ္မ ခြိမ်းခြောက်စစ်သားစုဆောင်းခံခဲ့ရသူဖြစ်ပြီး သင်တန်း ၂လခွဲတက်ကာ ဇွန်လကုန်၌ ကျောက်ဖြူစစ်မြေပြင်သို့ ပို့ဆောင်ခံရပြီး တလအကြာ ဇူလိုင်လကုန်တွင် AAထံ အလင်းဝင်လာသူဖြစ်သည်။
“အာရက္ခတပ်တော်နဲ့ ထိတွေ့မှု ဖြစ်တိုင်း ကျနော်တို့ ပြည်သူ့စစ်တွေကို ကြိမ်းမောင်းပြီးတော့ရှေ့တက်ခိုင်းပါတယ်။ ပြည်သူ့စစ်တွေကျပါတယ်။” ဟု တပ်သား မောင်မောင်ဝင်းက ပြောသည်။

Public Service Announcement
ကျဆုံးပြည်သူ့စစ်မှုထမ်းတပ်သားသစ်များကိုလည်း အပြီးစလွယ်မြေမြှုပ်ခဲ့သည်ကိုလည်းတွေ့ရဟု ၎င်းက ပြောသည်။
“အဲဒါကိုကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ မင်းတို့တက်။ မင်းတို့မတက်ရင် နောက်ကနေပစ်သတ်မယ်။ မင်းတို့ ဆုတ်တာနဲ့ မင်းတို့ကို ငါပစ်သတ်မယ်လို့ ကြိမ်းမောင်းပြီးကျနော်တို့ကိုတက်ခိုင်းပါတယ်” ဟု တပ်သား မောင်မောင်ဝင်းက ပြောသည်။
စစ်ကောင်စီတပ်တွင်းဝင်ရန် အစကတည်းက စိတ်ကူးမရှိခဲ့ကြောင်း၊ အခြေခံစစ်သင်တန်းတက်စဉ်ကတည်းကထွက်ပြေးရန်ကြိုးပမ်းခဲ့ဖူးကြောင်း ပြေပြသည်။
“သူတို့ရဲ့ အာဏာရှင်စနစ်ကိုကျနော်တို့မကြိုက်ပါဘူး။ ကျနော်တို့ ပြည်သူ့စစ်တွေကိုသူတို့အတွက်ဘာတန်မှမရှိဘာအရေးမှ မထားပါဘူး။ကျနော်တို့သေသွားရင်လည်း ခွေးသေဝက်သေသေဆိုပြီးကျနော်တို့ကို ပစ်ထားခဲ့ပါတယ်” ဟု တပ်သား မောင်မောင်ဝင်းက ပြောသည်။
ရက္ခိုင် စစ်မြေပြင်အပါအဝင် အနယ်နယ်အသီးသီးရောက်နေသည့် ပြည်သူ့ စစ်မှုထမ်း များအနေဖြင့် အခွင့်သာသည်နှင့် တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ် အလင်းဝင်ရန်လည်း၎င်းက တိုက်တွန်းသည်။
“မင်းတို့ငါတို့ကို ဘယ်လိုဆက်ဆံတယ်ဘယ်လိုထားလဲဆိုတာ မင်းတို့ ငါတို့အသိပဲ။ ငါတို့လည်းသိခဲ့ရတယ်။မင်းတို့ငါတို့ကဘာအရေးမှာ မပါဘူး။ ဒါကြောင့် မင်းတို့ အခွင့်အခါသင့်ရင်သင့်သလို နီးစပ်ရာ တပ်စခန်းတွေ သွားပြီး အလင်းဝင်ကြပါ” ဟု တပ်သား မောင်မောင်ဝင်းက ပြောသည်။
စစ်ကောင်စီတပ် အရာရှိများ ဝါဒဖြန့်ထားသကဲ့သို့ ဖမ်းဆီးသတ်ဖြတ်ခြင်းမရှိသည်ကို ကိုယ်တွေ့ဖြစ်၍ အလင်းဝင်ကြရန် ထပ်လောင်းတိုက်တွန်းသည်။
တပ်သား မောင်မောင်ဝင်းသည် စစ်ကောင်စီ၏ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ (၂၁၆)တပ်ရင်းမှ ဖြစ်သည်။ ၎င်းသည် ပုဏ္ဏားကျွန်းမြို့နယ်ဇာတိဖြစ်ပြီး ရန်ကုန်မြို့၌ နေထိုင်ကာ စက်ရုံ၌အလုပ်လုပ်စဉ် ယခုနှစ် မတ်လတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများက ဆိုင်ကယ်ခိုးသည်ဟု စွပ်စွဲဖမ်းဆီးခဲ့ဟု ပြောသည်။
ထောင်ကျခံမလား စစ်ကောင်စီတပ်ထဲဝင်မလားဟု မေးရာ ထောင်ကျခံမည်ဟုဖြေကြားခဲ့ခြင်းကြောင့် ပိုမိုရိုက်နှက်ခဲ့ရာ စစ်ကောင်စီထဲဝင်မည်ဟုပြောဆိုရာ တွင် အရိုက်မခံရတော့ဘဲ စစ်သား စုဆောင်းခံခဲ့ရဟု တပ်သား မောင်မောင်ဝင်းက ပြောသည်။
မှော်ဘီသင်တန်းကျောင်း သင်တန်းအပတ်စဉ် ၁၁၌ တက်ရောက်ခဲ့ရခြင်းဖြစ်ပြီး သင်တန်းသား ၅၀၀ ခန့်ရှိကြောင်း၊ သင်တန်း ၂လခွဲ အကြာ တွင်သင်တန်းဆင်းပြီး ခမရ(၂၁၆)သို့ ပို့ဆောင်ခဲ့ရာ ထိုမှတဆင့် ရေကြောင်းမှ ကျောက်ဖြူ သို့ ရောက်ရှိကြောင်း၊ ကျောက်ဖြူသို့ဗိုလ်ကြီးဟိန်းထက်စံ ဦးဆောင်သည့် အဖွဲ့ဖြင့် ရောက်ရှိခဲ့ပြီး ကျောက်ဖြူ ရဲတပ်ရင်း၌ မွမ်းမံသင်တန်း သုံးပတ်တက်ခဲ့ရကာ ကျောက်ဖြူစစ်မြေပြင်သို့ ပို့ဆောင်ခံရဟု ပြောပြသည်။ ထို့နောက် ဇူလိုင် ၃၁ရက်တွင် AAထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း ပြောသည်။


















































