သြဂုတ်-၁၁၊၂၀၂၅။ကျော်ဇော/People’s Spring
နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ယာယီပိတ်ထားခဲ့သော အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းမှ မြိတ်-ပုလောလမ်းအား သြဂုတ် (၁၂)ရက်ကစပြီး ပြန်လည်ဖွင့်လှစ်မည်ဖြစ် ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ပါတယ်။
၂ဝ၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်မှသြဂုတ် ၉ ရက်နေ့အထိ ပလမြို့အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ တော်လှန်ရေးမဟာ မိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့အကြားနှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ ပြည်သူလူထုလုံခြုံရေးကြောင့် ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားခဲ့တာလို့ ဖော်ပြပါတယ်။
ယခုအခါမှာနှစ်ဖက်ထိတွေ့တိုက်ပွဲများ ငြိမ်သက်သွားပြီဖြစ်တာကြောင့် မြိတ်-ပုလော လမ်းပိုင်းအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့မှစ၍ ယခင်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Public Service Announcement
“အခြေအနေတွေက တင်းမာနေဆဲပါပဲ။ဒါပေမဲ့ ပြည်သူလူထု အရမ်းခက်ခဲလာနေလို့ လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်လိုက်တာပါ”လို့ ဒေသအ ခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက People’s Spring ကို ပြောပါတယ်။
ပလမြို့တွင်းကိုရောက်ရှိတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော်ဟာ အခုချိန်ထိ ပလမြို့ပေါ်မှာ ဆက်ရှိနေပြီး တပ်တွေ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးဘူးလို့ အဲဒီရင်းမြစ်က ဆက်ပြောပါတယ်။
ဒါကြောင့် ပလမြို့နေ မိဘပြည်သူများအနေ ဖြင့် မြို့တွင်းသွားလာခြင်း လုံးဝမပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၇) မဟာ မိတ်တပ်ပေါင်းစုမှ မေတ္တာရပ်ခံထားပါတယ်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ဆက်စပ်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူ ၁၁ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေအများအပြားရှိသလို စစ်တပ်ရဲ့ ပစ်ခတ်သတ် ဖြတ်ခံရသူအချို့လည်း ရှိခဲ့ပါတယ်။


















































