ဩဂုတ်-၁၄၊၂၀၂၅။ဆဏ်း/People’s Spring
တော်လှန်အနုပညာရှင် လင်းလင်း နဲ့ ချစ်သုဝေတို့ရဲ့ ရောင်နီ ဖျော်ဖြေပွဲငါးပွဲကနေ အမေရိကန်ဒေါ်လာ လေးသိန်းနီးပါး ရှာဖွေနိုင်ခဲ့ပြီး မြေပြင်ကို လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ အသိပေးထားပါတယ်။
အမေရိကန်နိုင်ငံမှာ ရောင်နီ အဖွင့်ပွဲစဉ်ကို Maryland မြို့မှာ ဧပြီ ၁၂ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ့ပွဲကနေ အမေရိကန်ဒေါ်လာ ၁၁၂၅၇၈ ရှာဖွေနိုင်ခဲ့ပါတယ်။
“Maryland ပွဲမှ အသားတင်ကျန်ရှိငွေ အမေရိကန်ဒေါ်လာ 112,578 ထဲကမှ ငလျင်ဘေးသင့်ဒေသများအတွက် အမေရိကန်ဒေါ်လာ 30,000 ( မြန်မာငွေကျပ် 120,000,000 ကျော်) ကို အရေးပေါ်သဘာဝဘေးနှင့်စစ်ရှောင်များ ကဏ္ဍအောက်မှ အမြန်ဆုံးမျှဝေကူညီခဲ့ပြီးဖြစ်ပါတယ်။ ကျန်ရှိငွေများကို မူလရည်ရွယ်ထားတဲ့အတိုင်း ကျန်းမာရေး၊ ပညာရေး၊ တောင်ပေါ်တောင်အောက် လူ့အခွင့်အရေးလှုပ်ရှားမှုများဆိုတဲ့ ကဏ္ဍ(၃)ခုအတွက် အချိန်မဆိုင်းဘဲ လွှဲပြောင်းစီးဆင်းပြီးစီးပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။” လို့ ပထမဆုံးပွဲရဲ့ ရရှိတဲ့ငွေ အသုံးပြုမှုကို ရောင်နီ Tour ရဲ့ ဖေ့စ်ဘွတ်ခ်မှာဖော်ပြထားပါတယ်။

Public Service Announcement
ဒုတိယပွဲကိုတော့ Boston မြို့မှာ မေ ၂၄ ရက်မှာပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ့ပွဲကနေ အမေရိကန်ဒေါ်လာ ၄၄၁၇၇ ရရှိခဲ့ပါတယ်။
တတိယပွဲကိုတော့ San Francisco (Bay Area) မှာ ဇွန် ၁၄ ရက်ကပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ့ပွဲကနေ အမေရိကန်ဒေါ်လာ ၁၀၇၇၀၆ ရရှိခဲ့ပါတယ်။
စတုတ္ထပွဲကိုတော့ Florida မြို့မှာ ဇွန် ၂၈ ရက်ကပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ့ပွဲကနေ အမေရိကန်ဒေါ်လာ ၆၄၇၅၀ ရရှိခဲ့ပါတယ်။
ပဉ္စမပွဲကိုတော့ Texas မြို့မှာ ဇူလိုင် ၁၉ ရက်ကပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ့ပွဲကနေ အမေရိကန်ဒေါ်လာ ၆၂၈၈၄ ရရှိခဲ့တယ်လို့ ရောင်နီ Tour ပေ့ခ်ျကနေ သတင်းထုတ်ပြန်ထားတာပါ။
ဒါကြောင့် ဒီဖျော်ဖြေပွဲငါးပွဲကနေ အမေရိကန်ဒေါ်လာ ၃၉၂၀၉၅ ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပွဲကနေ ပဉ္စမပွဲအထိ ရရှိငွေတွေကိုတော့ အရေးပေါ်သဘာဝဘေးနှင့်စစ်ရှောင်များ ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ပညာရေး ကဏ္ဍ၊တောင်ပေါ်တောင်အောက် လူ့အခွင့်အရေးလှုပ်ရှားမှုများကဏ္ဍ အသီးသီးအတွက် အချိန်မဆိုင်းဘဲ လွှဲပြောင်းစီးဆင်းနေတယ်လို့ ဆိုပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေတို့က ဒီဖျော်ဖြေပွဲတွေကို အနုပညာကြေးမယူပဲ ဖျော်ဖြေပေးနေတာဖြစ်ပြီး ပွဲတွေကရလာတဲ့ ငွေတွေကို တော်လှန်မိသားစုတွေရဲ့ပြန်လည်ထူထောင်ရေး၊ မြေပြင်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ပညာရေး စရိတ်ပို့ဆောင်ခြင်းနဲ့ တောင်ပေါ်တောင်အောက်ဒေသအနှံ့က တန်းတူလူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် အသုံးပြုသွားမယ်လို့ ပွဲစတင်ကျင်းပချိန်ကတည်းကအသိပေးထားပါတယ်။
လင်းလင်းက ဒီပွဲတွေ စတင်မယ့် အချိန်ကတည်းက ရရှိလာတဲ့ငွေတွေကို အချိန်မဆိုင်းပဲပို့ဆောင်ပေးမယ်လို့ ကတိပြုခဲ့တာဖြစ်ပြီး ပထမပွဲတွေရဲ့ လှူဒါန်းမှူတွေကို နောက်ပွဲတွေမှာ အသိပေးလေ့ရှိတယ်လို့ သိရပါတယ်။
ရောင်နီရဲ့ ဖျော်ဖြေပွဲတွေကို ဆက်လက်ပြုလုပ်နေဦးမှာဖြစ်ပြီး ဩဂုတ် ၁၆ ရက်မှာ Milwaukee နဲ့ စက်တင်ဘာ ၁၃ ရက်မှာ နယူးယောက်မှာ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။


















































