စက်တင်ဘာ-၄၊၂၀၂၅။လူအေး/People’s Spring
တရုတ်အစိုးရကကြီးကျယ်စွာကျင်းပခဲ့သောဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို MNDAA ကလည်း ရှမ်းမြောက်ရှိ မူဆယ်နှင့် လောက်ကိုင်မြို့တွင်စက်တင်ဘာလ ၃ရက်ကကျင်းပခဲ့ပြီး ရှမ်းမြောက်ဒေသတွင်းနိုင်ငံရေးအခြေအနေကိုစောင့်ကြည့်သင့်ကြောင်း စစ်ရေးလေ့လာသူအချို့က သုံးသပ်သည်။
မူဆယ်မြို့နယ်(၁၀၅ မိုင်)နှင့် လောက်ကိုင်မြို့နယ် တာရွှေထန်ကျေးရွာတွင်ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု MNDAA က ယနေ့ ထုတ်ပြန်သည်။
ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ဖက်ဆစ်တိုက်ဖျက်ရေးစစ်အတွင်း အသက်ပေးလှူခဲ့ကြရသည့် သူရဲကောင်းများနှင့် သေဆုံးခဲ့ကြရသည့် ပြည်သူများအား ဝမ်းနည်းကြောင်းပြသရန်၊ ခက်ခဲကြမ်းတမ်းခဲ့ကြသည့် ကာလများအား ပြန်လည်သုံးသပ်ကာ ငြိမ်းချမ်းရေးတည်ဆောက်ရန်အပြင် လက်ရှိ ဒေသခံများအား သတိပေးနိုင်ရန် ရည်ရွယ်သည်ဟု ဆိုထားသည်။

Public Service Announcement
MNDAA ထိပ်ပိုင်းအရာရှိများအပြင် ကိုးကန့်အထူးဒေသ ပါတီ၊ အုပ်ချုပ်ရေးကော်မတီ၊ တပ်၊ ခရိုင်/မြို့နယ်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားလူမျိုးစုများ၊ ဖက်ဆစ်တိုက်ဖျက်ရေးစစ်အတွင်း အသက်ပေးလှူခဲ့ကြရသည့် သူရဲကောင်းမိသားစုဝင်များ၏ ကိုယ်စားလှယ်များ၊ မဟာမိတ်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ကျောင်းသားကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
MNDAA၏ ဒုတိယတပ်မှူး ဗိုလ်ချုပ် Mr. Peng De Jun ကမိန့်ခွန်းပြောရာတွင်ကိုးကန့်သားအရပ်သား ရာကျော်တို့သည် “နိုင်ငံတော်ကာကွယ်ရေး” ဆိုသည့် ခိုင်မာသော စိတ်ခံယူချက်ဖြင့် တရုတ်ပြည်မကြီး၏ အဝေးပြေးတပ်ဖွဲ့နှင့် ပူးပေါင်းကာ ကွမ်းလုံ၊ မန်ခါ စသည့် စစ်မြေပြင်တွင်အသက်စွန့်တိုက်ခိုက်ခဲ့ကြပြီးဖက်ဆစ်တိုက်ဖျက်ရေးစစ်ပွဲအောင်ပွဲအတွက် ကိုးကန့်၏ စွမ်းအားကို စွန့်လွှတ်ပေးဆပ်ခဲ့ကြသည်ဟု ပြောသည်။
အရေးပါသည်မိန့်ခွန်းဟု ကြေညာချက်တွင်ဖော်ပြထားသည့် အချက်များ၌ MNDAA၏ ဒုတိယတပ်မှူးက ” ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန် ငြိမ်းချမ်းရေးအလံကို မြှောက်စိုက်ရမည်ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးကဏ္ဍအား တက်တက်ကြွကြွပါဝင်ဆောင်ရွက်ရန်၊ မှောင်ခိုလုပ်ငန်းများကို ရှင်းလင်းပစ်ကာ ပွင့်လင်းမြင်သာမှုရှိသော ဖွံ့ဖြိုးရေးပုံစံအား ရှာဖွေရန်၊ ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေးအား အလေးပေးဆောင်ရွက်ရန်၊အထူးဒေသ၏ အနာဂတ်အား ပိုမိုကောင်းမွန်အောင် တည်ဆောက်ရာတွင် အားဖြည့်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်” ဟု ဖော်ပြထားသည်။
MNDAA၏ ယနေ့ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရှမ်းမြောက်စစ်ရေးသတင်းရေးမှူးတစ်ဦးက”စစ်ပွဲမှာပါခဲ့တဲ့ကိုးကန့်တိုင်းရင်းသားတွေကို ဂုဏ်ပြုခြင်းဖြစ်သလိုတရုတ်အကြိုက်လည်း ထုတ်တာဖြစ်မယ်။ဒါအပြင်ဖက်ဆစ်ဆိုတာ စကစကိုလည်း တော်လှန်ရေးတပ်တွေသုံးတဲ့အသုံးအနှုန်းဖြစ်တယ်။ ထိန်းချုပ်ထားတဲ့ဒေသတွေကို လာမထိပါးနဲ့လို့ စစ်ကောင်စီကို သတိပေးချင်တာလည်းပါနိုင်တယ်”ဟုသုံးသပ်သည်။
MNDAA သည် ၂၀၂၃ အောက်တိုဘာလ ၂၇ရက်တွင် ညီနောင်မဟာမိတ်ဖြစ်သောAAနှင့် TNLA တို့နှင့်အတူ ၁၀၂၇စစ်ဆင်ရေးဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီထိန်းချုပ်ထားသောမြို့များကိုတိုက်ခိုက်ခဲ့ပြီးလားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း စသည့် မြို့များကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ စစ်ရေးသတင်းထုတ်ပြန်ချက်များတွင် စစ်ကောင်စီအား ဖက်ဆစ်တပ်အဖြစ် အမြဲတစေသုံးနှုန်းခဲ့သည်။
သိမ်းယူထားသည့်မြို့များအားအုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်နေစဉ် တရုတ်အစိုးရ၏တိုက်တွန်းချက်နှင့်အတူ လားရှိုးမြို့အား ၂၀၂၅ ခုနှစ် ဧပြီလတွင် စစ်ကောင်စီထံ ပြန်လည်ပေးအပ်ခဲ့သည်။သိန္နီမြို့ကိုလည်း ပြန်ပေးရန်စစ်ကောင်စီက ဖိအားပေးနေကြောင်း သတင်းများထွက်ပေါ်နေသည်။ စစ်ကောင်စီဝါဒဖြန့်ချိ ရေးသတင်းဌာနအချို့တွင် သန္နီမြို့ကို MNDAAက စစ်ကောင်စီထံပြန်လည်အပ်နှံပေးလိမ့်မည်ဟုရေးသားနေကြသည်။
သို့သော် MNDAAက သန္နီမြို့တွင် အုပ်ချုပ်ရေးယန္တရား အခိုင်အမာလည်ပတ်အောင် အရှိန်မြှင့်နေပြီး ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများကို မကြာခဏသတင်းထုတ်ပြန်နေသည်။
ထို့အပြင်MNDAAအရာရှိအချို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးမင်းဦးတို့သည် လားရှိုးမြို့၌ မကြာခဏ တွေ့ဆုံဆွေးနွေးနေပြီး ဩဂုတ်လကုန်ကလည်း တွေ့ဆုံခဲ့ကြောင်း၊ ယခင်တောင်းဆိုချက်များနည်းတူ သိန္နီမြို့ကို ပြန်ပေးရေးအပါအဝင် စစ်ကောင်စီဘက်ကတောင်းဆိုမှုများကို MNDAA က လက်မခံ၍ ဆွေးနွေးပွဲအဖြေမထွက်ခဲ့ဟုဒေသခံသတင်းရင်းမြစ်ကပြောသည်။
စစ်ကောင်စီနှင့် MNDAA ဆွေးနွေးမှုများအဆင်မပြေဖြစ်နေချိန် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ရက် နံနက်က ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိရာစုသစ်ဟိုတယ်(၂) အနီးကို စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး ယင်းလုပ်ရပ်သည်တရုတ်အစိုးရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့်ခက်ခဲစွာရရှိထားသည့် အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်
သည်ဟုဖြစ်ကြောင်းMNDAAကသတင်းထုတ်ပြန်ခဲ့သည်။နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေကာရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများပြန်ဖြစ်နိုင်ခြေကို အရှိန်မြင့်လိုက်ခြင်းဖြစ်ပြီးMNDAA ဘက်မှ ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဟုအသိပေးခဲ့သည်။
MNDAAစစ်ဦးစီးဌာနက ပြီးခဲ့သည့် ဇူလိုင်လ၂၆ရက်က ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း လုပ်ငန်းအခြေအနေအကျဉ်းချုပ်အစည်းအဝေးတွင် MNDAAတပ်ဖွဲ့ဝင်များအားလုံးက လာမည့် ဒုတိယနှစ်ဝက်အတွင်း စစ်ရေးလေ့ကျင့်မှု အရှိန်မြှင့်မည်ဟု ဆုံးဖြတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
“အခြေအနေတွေက ဘာမှကံသေကံမပြောလို့မရပါဘူး။ရှမ်းမြောက်ကဘယ်မြို့မှလည်း စိတ်ချရတဲ့အနေအထားမရှိဘူး။ တိုက်ပွဲတွေပြန်ဖြစ်မယ်ဆိုရင်လည်း မထူးဆန်းပါဘူး”ဟုရှမ်းမြောက်သတင်းရင်းမြစ်ကပြောသည်။
၁၀၂၇စစ်ဆင်ရေးစတင်ခဲ့ချိန်ကမြန်မာပြည်သူလူထု၏သဘောထားအတိုင်း စစ်အာဏာရှင်အား အပြီးတိုင်တိုက်ခိုက် ချေမှုန်းမည်ဟု MNDAA က ထုတ်ပြန်ကြွေးကြော်ခဲ့ဖူးသည်။ အဆိုပါကတိကဝတ်ကို ကိုးကန့်တိုင်းရင်းသားများအပြင် မြန်မာလူထုကပါ မေ့နေပြီမဟုတ်ဘဲ MNDAA အနေဖြင့်လည်း ကတိတည်ရန်လိုသည်ဟုလားရှိုးမြို့မှလူငယ်တစ်ဦးက ပြောသည်။

























































