စက်တင်ဘာ-၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၁၂ရက်)နံနက် အစောပိုင်းကဗုံးကြဲတိုက်ခိုက်မှုအတွင်း လေးဦး ထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၂ဦးအထိရှိပြီဖြစ်ကာ ဒဏ်ရာရသူ၂၁ဦးအနက် ၆ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တည့်တည့်ကို နံနက် ၁နာရီကျော်အချိန်တွင် စစ်ကောင်စီက ပေါင်၅၀၀ ဗုံးနှစ်လုံးကြဲခြင်းဟုအာရက္ခတပ်တော်(AA)က ယနေ့ နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
နံနက် ၁၀ခန့်အထိအခြေအနေမှာ ကျောင်းသားများနှင့် အနီးအနားမှ ကလေးငယ်တချို့ အပါအဝင်၁၈ဦး သေဆုံးပြီး ၂၀ကျော် ပြင်းထန်ဒဏ်ရခဲ့သည်။ ဒဏ်ရာရသူများအား ဆေးကုသနေစဉ် လေးဦး ထပ်မံသေဆုံးသွားပြီး စုစုပေါင်းသေဆုံးသူ ၂၂ဦးရှိပြီဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
အေးချမ်းနေသည့်နေရာကို ပစ်မှတ်ထား၍ ဗုံးကြဲခြင်းဖြစ်ပြီး ရက်စက်သောလုပ်ရပ်ဖြစ်ကြောင်းတိုင်းရင်းသားအရေးလှုပ်ရှားသည့် စာရေးဆရာ ဝေဟင်အောင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။ သေဆုံးသူအများစုသည် G11၊G12ကျောင်းသားများဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်၂၅ရက်ကလည်း မြောက်ဦးမြို့ရှိအလှူအိမ်ကို စစ်ကောင်စီက ဗုံးကြဲ၍ ကလေးငယ်အချို့အပါအဝင်၁၅ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် အရပ်သား ၁၅ဦးထက်မနည်းသေဆုံးစေသည့် အစုလိုက်အပြုံလိုက်ဗုံးကြဲသတ်ဖြတ်မှုကို စစ်ကောင်စီက နှစ်လဆက်တိုက်ကျူးလွန်ခြင်းဖြစ်သည်။
ယနေ့ညနေပိုင်းတွင်လည်း ကျောက်တော်နှင့်မြောက်ဦးမြို့ပေါ်တွင် စစ်ကောင်စီတိုက် လေယာဉ်ပျံသန်းနေ၍ ဒေသခံများစိုးရိမ်နေကြသည်။
ရခိုင်ပြည်နယ်တွင် ဇန်နဝါရီ ၁ရက်မှ ဇူလိုင်လ(၃၁)ရက်အထိ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကလေး ၂၆ဦးအပါအဝင် အရပ်သား ၁၁၅ဦးသေဆုံးပြီး၂၀၄ဦး ဒဏ်ရာရခဲ့သည်ဟုအာရက္ခတပ်တော် (AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ထားသည်။ ဩဂုတ်လ နောက်ပိုင်းအခြေအနေကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
နိုင်ငံတစ်ဝန်း၌ စစ်ရှုံးနေသောစစ်ကောင်စီသည် ရခိုင်ပြည်နယ်၌သာမက အခြားဒေသများတွင်လည်း စစ်ဘက်နှင့်မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သော မြို့ရွာရပ်ကွက်များကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေသည်ဟု AAက ဩဂုတ်လ ၂၆ရက်၌ ထုတ်ပြန်ထားသည်။စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး ဤလုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ပြီး မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။





















































