စက်တင်ဘာ-၂၂၊၂၀၂၅။လူအေး/People’s Spring
ထီးလင်းမြို့နှင့် ၂မိုင်ခန့်အကွာရှိ ရွာအချို့ကို စစ်တပ်စစ်ကြောင်းက ဝင်ရောက်ရန်ကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဟန့်တားမှုကြောင့် ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။
ထီးလင်းမြို့ပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်စစ်ကြောင်းကပုဏ္ဏားရွာနှင့် သရခါရွာကိုဝင်ရောက်ရန်ကြိုးစားနေခြင်းဖြစ်သည်။
“ရိက္ခာရှာထွက်တာ။ပုဏ္ဏာရွာကိုဝင်ဖို့ကြိုးစားတာ။ ဝင်မလာဘဲ လက်နက်ကြီးနဲ့ ရမ်းပစ်သွားတာ။ ဟိုတနေ့ကလည်း သရခါရွာကို အဲ့လိုပဲ ဝင်ဖို့ကြိုးစားပြီး ပြန်ဆုတ်သွားတယ်။ရိက္ခာလုဖို့ ကြိုးစားတာပါ” ဟုဒေသခံတဦးကပြောသည်။

Public Service Announcement
အင်အား ၃၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းသည် ပုဏ္ဏားရွာအနီးကိုစက်တင်ဘာလ၂၁ ရက် နံနက် ၄ နာရီခန့်ကဝင်လာပြီးနံနက် ၈နာရီခန့်တွင် ပြန်ဆုတ်သွားခြင်းဖြစ်သည်။ သရခါရွာကိုလည်း စက်တင်ဘာလ ၁၉ရက်က ဝင်ရန်ကြိုးစားခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ပုဏ္ဏားရွာနှင့် သရခါရွာသည် ထီးလင်းမြို့နှင့် ၂မိုင်ခန့်သာကွာဝေးသည်။
“ရွာတွေနားကိုရောက်လာတယ်။သူတို့ မဝင်ရဲတော့ ပြန်ဆုတ်တယ်။လက်နက်ကြီးတွေရမ်းပစ်ပြီး ဆုတ်သွားတာပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်တပ်စစ်ကြောင်းများမှာ ရိက္ခာရှာသည်ဆိုခြင်းမှာဒေသခံများထံမှ ရိက္ခာဝယ်ယူခြင်းထက်လက်နက်အားကိုးဖြင့် လုယက်ခြင်း ၊ဖောက်ထွင်းခိုးယူခြင်းမျိုးကိုသာအဓိကလုပ်လေ့ရှိကြောင်းဒေသခံအချို့ကပြောသည်။
ထီလင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်ရင်းအခိုင်အမာမရှိဘဲ ဖွဲ့စည်းပုံပျက်နေသည့်တပ်ရင်းများမှစုပေါင်းထားသည့် စစ်ကြောင်းအချို့သာရှိနေသည်။မြို့ပေါ်ရပ်ကွက် ၄ခု၊ ကျေးရွာ အုပ်စု ၈ အုပ်စုနှင့် ရွာပေါင်း ၉၃ရွာရှိပြီး စစ်ကောင်စီကမြို့ပေါ်ရှိ ရွှေထီးခန်းမနှင့်ဌာနဆိုင်ရာရုံးအချို့၊ရေမျက်နီရွာ၌သာ တပ်စွဲထားနိုင်သည်။ထိုနေရာများကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကရိက္ခာလမ်းကြောင်းဖြတ်တောက်ထားသည်။
ထို့ကြောင့်စစ်တပ်စစ်ကြောင်းများသည် မြို့နှင့် ၅မိုင်ခန့်အတွင်းရှိ ရွာများကို ဝင်ရောက်ပြီး ရိက္ခာလုယူရန်မကြာခဏကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း တိုက်ခိုက်ရှင်းလင်းနေရကြောင်း သတင်းရရှိသည်။
စစ်အုပ်စုက မကွေးတိုင်းအတွင်း ၎င်းတို့အပြည့်အဝမထိန်းချုပ်နိုင်တော့သည့်မြို့နယ်ငါးခုကိုအရေးပေါ်အခြေအနေကြေညာထားရာ ယောဒေသမှထီလင်းမြို့နယ် နှင့် ဆောမြို့နယ်လည်းပါဝင်နေသည်။


















































