စက်တင်ဘာ-၂၅၊၂၀၂၅။ဆဏ်း/People’s Spring
စတူဒီယိုခေတ်ဦးအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂီတပညာရှင် ဗစ်တာခင်ညိုက ဒီနေ့ (စက်တင်ဘာ ၂၅)မနက်မှာ ကွယ်လွန်သွားပါတယ်။
ဗစ်တာခင်ညိုကွယ်လွန်ကြောင်းကို မိသားစုဝင်တွေက အသိပေးခဲ့သလို ညီဖြစ်တဲ့ အဆိုတော် တူးတူးကလည်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ အသိပေးထားပါတယ်။
ဗစ်တာခင်ညိုက စက်တင်ဘာ ၂၀ ရက်မှာ အသက် ၇၉ နှစ်ပြည့်ခဲ့တာဖြစ်ပြီး မွေးနေ့အလွန် ငါးရက်အကြာမှာ ကွယ်လွန်ခဲ့တာပါ။

Public Service Announcement
ဗစ်တာခင်ညိုက ဂီတလောကကို ၁၉၆၆ ခုနှစ် ဝန်းကျင်က The Shades အဖွဲ့နဲ့အတူဂီတလောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး Lead Guiter တီးခတ်သူအနေနဲ့ရော အဆိုပိုင်းပါ သီဆိုခဲ့တာပါ။
၁၉၇၀ မှာ ပထမဆုံးတစ်ကိုယ်တော်ခွေ “အကြွေပန်းမှ နမ်းချင်တယ်” ထွက်ရှိခဲ့ပြီး တေးအယ်လ်ဘမ်ပေါင်း နှစ်ဆယ်ကျော်ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။
နွေ ၊ မြခွာညို ၊ လိုက်ခဲ့တော့ကွယ်၊ နွေသာဆို ရင်မှာပြာစတဲ့ သီချင်းတွေအပါအဝင် ပရိသတ်အားပေးမှုရရှိတဲ့ သီချင်းများစွာကို သီဆိုခဲ့သူပါ။
ဗစ်တာခင်ညို ကွယ်လွန်တဲ့အပေါ် အနုပညာမောင်နှမ တွေအပါအဝင် ပရိသတ်တွေကလည်း နှမြောတသဖြစ်ရကြောင်း မှတ်ချက်တွေရေးသားထားကြပါတယ်။


















































