စက်တင်ဘာ-၂၆၊ ၂၀၂၅။ လူအေး/People’s Spring
နေပြည်တော်လုံခြုံရေးနဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူရတဲ့ အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၆)ကို အာဏာသိမ်းစစ်တပ်က ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။
စက်တင်ဘာပထမလပတ်က ဖျက်သိမ်းလိုက်တာဖြစ်ပြီး လက်ရှိမှာ ကစထ ၁၊ ၂၊ ၃၊ ၄၊ ၅တို့ကို ရွေးကောက်ပွဲမတိုင်ခင် စစ်ရေးအရှိန်မြှင့်ဖို့ ညွှန်ကြားချက်တွေရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ကစထ-၆ကို ဖြုတ်ပြီး ကစထ-၅ အောက်ကို ထည့်လိုက်တာ။ ကစထ-၆ အခန်းကဏ္ဍက ပြီးသွားပြီ”လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
မဖျက်သိမ်းခင်က အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူးမှာ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ဖြစ်ပြီး သူ့ကို အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူးနေရာကို ပြောင်းရွှေ့လိုက်ပါတယ်။
CDM တပ်မတော်အရာရှိတစ်ဦးဖြစ်တဲ့ ကိုနောင်ရိုးကတော့ “ကစထ-၆ က အပိုသက်သက် ထားထားတာဆိုတော့ လက်ရှိအခြေအနေအရ ကစထတွေ ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တာ ဖြစ်ပါမယ်” လို့ မှတ်ချက်ပြုပါတယ်။
ကစထ-၆ ကို ပြီးခဲ့တဲ့စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိ ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကစထ-၆ မှူးဟောင်းဖြစ်ပါတယ်။
ကစထ-၆ တာဝန်တွေကိုတော့ ကစထ-၅ က တာဝန်ယူရမယ်လို့ သိရပါတယ်။ ဒါကြောင့် နေပြည်တော်လုံခြုံရေးကို ကစထ-၅ မှူး ဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီးကိုကိုဦးက တာဝန်ယူရမှာပါ။ ဒုဗိုလ်ချုပ်ကြီးကိုကိုဦးဟာ ကစထ-၁ မှူးတာဝန်ယူခဲ့သူဖြစ်ပါတယ်။
အရင် ကစထ-၅ မှူး ဒုဗိုလ်ချုပ်ကြီးဇော်မင်းလတ်က ကစထ-၂ မှူးဖြစ်လာပါတယ်။ ကစထ-၂ မှူး ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုတော့ အရန်အင်အားကို အပို့ခံခဲ့ရပါတယ်။
ကစထ-၃ မှူးက အရင်အတိုင်း ဒုဗိုလ်ချုပ်ကြီးတေဇကျော်ဖြစ်ပြီး ကစထ-၄ မှူးနေရာလည်း အပြောင်းအလဲမဖြစ်ဘဲ ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေပဲ ဆက်လက်တာဝန်ယူထားတယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ ကာကွယ်ရေးမှာ စစ်ဆင်ရေးအထူးအဖွဲ့(ကစထ)တွေဟာ တိုင်းစစ်ဌာနချုပ်ရဲ့ အထက်မှာရှိပြီး ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းကွပ်ကဲရေးမှူးတို့ သုံးဦးနောက်မှာ အရေးပါသူတွေဖြစ်ပါတယ်။


















































