စက်တင်ဘာ−၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြိုနယ်မှာရှိတဲ့ဒေသခံပြည်သူတွေအတွက် အမျိုးသမီး၊ ကလေးသူငယ်နဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ အသိပညာပေး ဆွေးနွေးတဲ့သင်တန်း ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီလိုသင်တန်းတွေပိုချနိုင်ဖိုအတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေနဲ့မြေပြင်ရေးရာ တာဝန်ခံ တွေကို ၂၀၂၄ခုနှစ်မှာ တကြိမ် ၂၀၂၅ခုနှစ် မှာ တကြိမ်နည်းပြသင်တန်းတွေ ပိုချခဲ့ပြီး အခု စက်တင်ဘာလ မှာ နောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေ ပြုလုပ်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြိုနယ်မှာ ပြုလုပ်တဲ့ ဒီသင်တန်းမှာတော့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အမျိုးသမီး လူ့အခွင့်အရေးတာဝန်ခံတဦးက ဆောင်ပြီးတော့ သင်ကြားဆွေးနွေးခဲ့တာဖြစ်တယ်လို့ အသိပေးပါတယ်။

Public Service Announcement
သင်တန်းမှာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ မဖွယ်မရာ ပြုခြင်း ဆိုင်ရာအကာအကွယ်ပေးရေးမူဝါဒ (Prevention of Sexual Harassment, Exploitation and Abuse – PSHEA) အပါအဝင် လူ့အခွင့်အရေးအခြေခံအချက်အလက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ကလေးသူငယ်အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းတွေ၊ ဂျန်ဒါ တန်းတူညီမျှရေး စတဲ့ အကြောင်းအရာတွေ အဓိကထား သင်ကြားပို့ချခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဂန့်ဂေါမှာ ကျင်းပခဲ့တဲ့ သင်တန်းမှာတော့ လူငယ်အမျိုးသားနဲ့ အမျိုးသမီး ၃၄ ယောက်တက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးတွေအကြောင်းကိုစိတ်ဝင်တစားဆွေးနွေးခဲ့ကြသလို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာ၊ အမြတ်ထုတ်တာနဲ့ မဖွယ်မရာပြုတာ နဲ့ဆိုင်တဲ့ အကာအကွယ်ပေးရေးမူဝါဒ နဲ့ပတ်သက် တာတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂျန်ဒါတန်းတူညီမျှမှုရရှိပြီး လိင်အခြေပြုခွဲခြားမှု၊ အကြမ်းဖက်မှုတွေ ပပျောက်ပြီး တန်းတူအခွင့်အရေးရရှိမှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အလမ်း တွေရရှိဖို စတာတွေ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
ဆွေးနွေး ရှင်းပြမှုတွေအပေါ်မှာ တက်ရောက်လာတဲ့လူငယ်တွေကလည်း ကလေးသူငယ်များအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ပပျောက်စေဖို့နဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်သူတွေ တရားဥပဒေအရ အရေးယူခံရနိုင်ဖို့ စတာတွေကို လိုလားကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုလိုသင်တန်းတွေဟာ လက်ရှိမြေပြင်အခြေအနေနဲ့ ကိုက်ညီမှုရှိနေတဲ့အတွက် အသိပညာ များစွာရရှိပြီး အကြမ်းဖက်မှုတွေ၊ မတရားမှုတွေနဲ့ ပတ်သက်တဲ့ ဥပဒေဆိုင်ရာများနဲ့ တိုင်ကြားမှု လုပ်ငန်းစဉ်တွေကို ပိုပြီးနားလည်လာကြောင်း ဆွေးနွေးပွဲတက်ရောက်သူတွေက တုန့်ပြန်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ပါတယ်။
လူ့အခွင့် အရေးဆိုင်ရာဝန်ကြီးဌာနမှာ လူ့အခွင့်ရေးရာတာဝန်ခံ စုစုပေါင်း ၁၀၂ဦး ရှိပြီး အမျိုးသမီး လူ့အခွင့် ရေးရာတာဝန်ခံကတော့ ၂၅ ဦးခန့်အပ်တာဝန်ပေးထားကြောင်းလည်း အသိပေးပါတယ်။


















































