အောက်တိုဘာ-၁၅၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာဘုရားပွဲပြန်လာသူတွေကိုစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးလို့ လူငယ်အများအပြားဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက် မနေ့ည ၈ နာရီခန့်က မုံရွာမြို့၊ကမ်းနားလမ်းမှာ စစ်ကောင်စီတပ်က အိမ်စီးကား ၅ စီးနဲ့ ဆုတောင်းပြည့်ဘုရားပွဲက စတိတ်ရှိုးပွဲကနေ ပြန်လာတဲ့လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်းဒေသခံတွေနဲ့ မုံရွာကစစ်ကောင်စီတပ်ဖမ်းဆီးမှုတွေ ကင်းထောက်နေတဲ့ Monywa Roads Informationအဖွဲ့ကပြောပါတယ်။
“မနေ့ညက ကမ်းနားလမ်းမှာ ပြည်သူ ၃၂ယောက် ခန့်မှန်း ပါသွားတယ်လို့ကြားတယ်”လို့ Monywa Roads Information အဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement
စစ်ကောင်စီပြုလုပ်ပေးတဲ့စတိတ်ရှိုးပွဲတွေမှာ သွားလာခဲ့သူတွေများပြားခဲ့ပြီးလူစည်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ မုံရွာမြို့ပေါ်မှာ သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးပြီး နောက်ကွယ်ကနေ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
“အရင်ရက်တွေကဖမ်းတော့ဖမ်းတယ်။ နည်းသေးတယ်။မနေ့ညကတော့တော်တော်များတယ်။ကမ်းနားလမ်းဘက်က နီးတော့ အဲဘက်ကနေသွားကြရင်း အဖမ်းခံရတာ”လို့ မုံရွာမြို့ခံအမျိုးသားတဦးက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်အရေအတွက်ကိုတော့ လူထုနွေဦးကသီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
စစ်ကောင်စီဟာ မုံရွာမြို့ပေါ်မှာ ပျော်ပွဲရွှင်ပွဲတွေပြုလုပ်နေတဲ့အချိန် သီတင်းကျွတ်လပြည့်ညက မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်က ဆီမီးထွန်းပွဲကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂၀ ကျော်သေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။




















































