အမေရိကန် ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့တဲ့ နျူကလီးယား စခန်းတွေကို အရင်ကထက်တောင် ပိုမို ခိုင်မာ အားကောင်းအောင် ပြန်လည် တည်ဆောက်မယ်လို့ အီရန် သမ္မတက ကြွေးကြော်ခဲ့ပါတယ်။
အစ္စရေးနဲ့ အီရန်တို့ကြား စစ်ရေး ပဋိပက္ခမှာ အမေရိကန်ကပါ ဗုံးဝင်ကြဲခဲ့တာကြောင့် အီရန်ရဲ့ နျူကလီးယား သုတေသန စခန်းတွေဟာ ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့မှာ အမေရိကန်နဲ့ အီရန်ကြား သံတမန်ရေး ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့ အိုမန် အစိုးရက ကြားဝင် ညှိနှိုင်း တောင်းဆိုပေးခဲ့ပြီး အီရန်ကတော့ နျူကလီးယား စခန်းတွေကို ပိုမို ခိုင်မာ အားကောင်းတဲ့ ပုံစံနဲ့ ပြန်ထူထောင်မယ်လို့ ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။
အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းက နိုဝင်ဘာ ၂ ရက်နေ့မှာ နိုင်ငံရဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အီရန် အစိုးရ အနေနဲ့ ပျက်စီးသွားတဲ့ နျူကလီးယား စခန်းတွေကို အရင်ကထက် ပိုမို ခိုင်မာ အားကောင်းအောင် တည်ဆောက်မယ်လို့ ကတိပေးခဲ့ပါတယ်။
ရုပ်ဝတ္ထု အဆောက်အအုံတွေ၊ ပစ္စည်းတွေကို ဖျက်ဆီးပစ်ရုံနဲ့တော့ အီရန်ဟာ နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့လည်း ပက်ဇက်ရှ်ခန်းက သူ့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ပေါ်မှာ ဗီဒီယိုတစ်ခု ထုတ်လွှင့်ပြီး ပြောကြားထားခဲ့ပါတယ်။ အီရန်ရဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေဟာ သုတေသနဆိုင်ရာ လုံလောက်တဲ့ အသိပညာတွေကို ပိုင်ဆိုင်ထားပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement
နျူကလီးယား စခန်းတွေကို ပြန်လည် တည်ဆောက်မယ်ဆိုတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့တော့ ခန်းက အသေးစိတ် မှတ်ချက် ပေးမသွားခဲ့ပါဘူး။ ဇွန်လတုန်းက အစ္စရေးနဲ့ အီရန် စစ်ရေးပဋိပက္ခ အတောအတွင်း သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ အမေရိကန် ရေတပ်နဲ့ လေတပ်ဟာ အီရန် နျူကလီးယား သုတေသန စခန်းသုံးခုကို ဗုံးတွေကြဲ၊ ခရုစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးမှာ အီရန်ရဲ့ နျူကလီးယား စခန်းတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ထရမ့်က ပြောပေမယ့် အဲဒီ စကားကို သီးခြားအတည်ပြုဖို့ ခက်ပါတယ်။
အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှုဟာ နျူကလီးယားဗုံးတွေ ထုတ်လုပ်နိုင်ဖို့ နီးကပ်တဲ့ အဆင့်ထိ ရောက်ရှိလာပြီလို့ စွပ်စွဲပြီး အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ရာက နှစ်နိုင်ငံကြား ၁၂ ရက်ကြာ စစ်ရေး ပဋိပက္ခ စတင်ခဲ့တာပါ။ အစ္စရေးရဲ့ ကြိုတင် ပြင်ဆင်ထားတဲ့ စစ်ဆင်ရေးအတွင်း အီရန်ရဲ့ အစိုးရပိုင်းနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေ အတော်များများ သေဆုံးခဲ့ပါတယ်။
အိုမန် အစိုးရဟာ အီရန်နဲ့ အမေရိကန်ကြား ၅ ကြိမ်တိုင် ဆွေးနွေးမှုတွေ အထမြောက်အောင် အခုနှစ်ထဲမှာ ကူညီ ညှိနှိုင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ၆ ကြိမ်မြောက် ဆွေးနွေးပွဲ မစခင် ၃ ရက်အလိုမှာ အစ္စရေးက အီရန်ကို ဗုံးဝင်ကြဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ အမေရိကန်နဲ့ အီရန် ဆွေးနွေးပွဲတွေလည်း ရပ်တန့်သွားပြီး အခုတော့ အိုမန်က အဲဒီနှစ်နိုင်ငံကြား သံတမန်ရေး ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။
ကိုးကား: AFP



















































