Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်သြဇာခံရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲတပ်​ထောက်ခံသူခန့်စည်သူနဲ့ရန်​အောင်ဝင်​ရွေးခံမယ်

လာမယ့်နှစ်ဖေဖော်ဝါရီမှာကျင်းပမယ့် အကယ်ဒမီဆုပေးပွဲ မတိုင်ခင် စစ်တပ်ထိန်းချုပ်ထားတဲ့ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ​နေရာကို ရွေးကောက်ပွဲလုပ်ဖို့စီစဥ်ရာ စစ်တပ်ကို​ထောက်ခံတဲ့ ခန့်စည်သူ နဲ့ ရန်အောင် တို့က ဝင်အရွေးခံဖို့ရှိတယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက သတင်းအရင်းအမြစ်အချို့ကပြောပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် ပြည်ပကပြန်လာရာ အပြိုင်ကြိုဆို​နေကြတဲ့ ခန့်စည်သူ နဲ့ ရန်​အောင်။ ဓါတ်ပုံ-စစ်​ကောင်စီ

ဒီဇင်ဘာ-၁၄၊၂၀၂၅။ဆဏ်း/People’s Spring

လာမယ့်နှစ်ဖေဖော်ဝါရီမှာကျင်းပမယ့် အကယ်ဒမီဆုပေးပွဲ မတိုင်ခင် စစ်တပ်ထိန်းချုပ်ထားတဲ့ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ​နေရာကို ရွေးကောက်ပွဲလုပ်ဖို့စီစဥ်ရာ စစ်တပ်ကို​ထောက်ခံတဲ့ ခန့်စည်သူ နဲ့ ရန်အောင် တို့က ဝင်အရွေးခံဖို့ရှိတယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက သတင်းအရင်းအမြစ်အချို့ကပြောပါတယ်။

လက်ရှိမှာရုပ်ရှင်အစည်းအရုံးဥက္ကဌနေရာကို ဒါရိုက်တာ ကြည်စိုးထွန်းက တာဝန်ယူ​နေတာပါ။

အာဏာသိမ်းပြီးချိန်မှာ ခန့်စည်သူက ဥက္ကဌတာဝန်ယူခဲ့‌ပေမယ့် ပြည်သူ​တွေရဲ့ဝေဖန်မှု နဲ့ လူမှု​ရေးပြစ်ဒဏ်ခတ်မှုတွေကြောင့် နှုတ်ထွက်သွားတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ အဏာသိမ်းစ ၂၀၂၁ မှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌလုပ်ခဲ့တဲ့ ခန့်စည်သူဟာ ပြည်သူလူထုကန့်ကွက်ခဲ့တဲ့အတွက် တစ်ပါတ်ပဲကြာပြီး ဆင်းပြေးခဲ့ရတာ ။ဒီတစ်ခေါက် ကြူကြူလှ Blessing ကြောင့်၊ အကယ်ဒမီများရှင် ပြန်ဝန် အကယ်ဒမီမောင်မောင်အုန်းကဝန်းရံတဲ့အတွက် ခန့်စည်သူက ပြန်လည်ဝင်ရောက်နိုင်ခဲ့တာ” လို့ ရုပ်ရှင်​လောကသားတဦးက​ပြောပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်ရဲ့ ဇနီး​ဒေါ်ကြူကြူလှရဲ့ ​ကောင်းချီ​ပေးမှုဆိုတာ စစ်တပ်​ထောက်ခံတဲ့သရုပ်​ဆောင် ခန့်စည်သူဟာ အခု​နောက်ပိုင်း ​ဒေါ်ကြူကြူလှနဲ့ ပုဂ္ဂိုလ်​ရေး အလွန်ရင်းနှီး ​နေတာကို အထက်ပါသတင်းရင်းမြစ်ကရည်ညွှန်း​ပြောတာဖြစ်ပါတယ်။

အလားတူ အကယ်ဒမီများရှင် ​မော​င်​မောင်အုန်းဆိုတာ စစ်တပ်ပြန်ကြား​ရေးဝန်ကြီး​ဖြစ်ပြီး အကယ်ဒမီဆု ဘယ်သူ့​ပေးမယ်ဆိုတာ သူကပဲဆုံးဖြတ်​နေတာမို့ ရုပ်ရှင်​လောကသား​တွေက သူ့ကို အကယ်ဒမီများရှင်​မောင်​မောင်အုန်းလို့ အမည်​ပြောင်​ပေးထားကြတာဖြစ်ပါတယ်။

ဒါ​ကြောင့် ​ဒေါ်ကြူကြူလှ​ရော ၊ ​မောင်​မောင်အုန်းကပါ ရုပ်ရှင်အစည်းအရုံးသစ် အဖြစ် ခန့်စည်သူကို သ​ဘောကျ​နေတဲ့အ​ခြေအ​နေဖြစ်ပါတယ်။

ရန်အောင် နဲ့ ခန့်စည်သူတို့ဟာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်ဝါဒဖြန့်ဇာတ်ကား​တွေ မှာတတ်တတ်ကြွကြွ ပါဝင်ပေးခဲ့သူတွေဖြစ်သလို၊ စစ်ခေါင်းဆောင်ရဲ့ ပြည်ပခရီးကြိုဆိုရေးတွေမှာလည်းရှေ့ဆုံးကကြိုဆို​လေ့ရှိသူ​တွေဖြစ်ကြပါတယ်။

ရန်အောင် ဟာ စစ်တပ်ဝါဒဖြန့်ဇာတ်ကား စောင်နီလေးတစ်ထည် နဲ့ စစ်ကောင်စီပေးတဲ့ အကယ်ဒမီရရှိခဲ့ပါသေးတယ်။

ခန့်စည်သူလည်း သက်ရှိစည်းရိုးဆိုတဲ့ စစ်တပ်ဝါဒဖြန့်ကား ရိုက်ခဲ့ပါ​သေးတယ် ။ဒါ​ပေမယ့်အကယ်ဒမီမရခဲ့သလို သူတို့ရိုက်ကူးထားတဲ့ ဇာတ်ကားထဲက စခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒီနှစ်ထဲမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်လက်ထက် ကျင်းပတဲ့ အကယ်ဒမီပေးပွဲတွေဟာ စစ်တပ်​ထောက်ခံတဲ့ အနုပညာရှင်တွေထဲပဲရွေးချယ်​ပေးအပ်​နေတာဖြစ်ပါတယ် ။အကယ်ဒမီဆု​ရွေးချယ်ရာမှာ ပြန်ကြားရေးဝန်ကြီးမောင်မောင်အုန်း စိတ်ကြိုက်ရွေးလေ့ရှိတယ်လို့ သိရပါတယ်။

“ အကယ်ဒမီ ပေးပွဲကလည်း ခေတ်အဆက်အဆက်အဆိုးဆုံး အခြေအနေရောက်နေတယ်။စစ်တပ်နဲ့ စစ်တပ်စိတ်ကြိုက် လုပ်ပေးမဲ့သူများကိုသာ မောင်မောင်အုန်းစိတ်ကြိုက် ရွေးချယ်ပြီး အကယ်ဒမီ ပေးမှာဖြစ်တဲ့အတွက်၊ အစည်းအရုံးမှာပြန်ဝန်မောင်မောင်အုန်းကို အကယ်ဒမီများရှင် အကယ်ဒမီ မောင်မောင်အုန်း လို့ အမည်ဝှက်နဲ့ ခေါ်နေကြတယ်” လို့ ရုပ်ရှင်​လောကသားတဦးကပြောပါတယ်။

စစ်တပ်စိတ်တိုင်းကျ ဝါဒဖြန့်ချီ​ရေး​တွေမှာ ပါဝင်လုပ်ကိုင်​ပေး​နေတဲ့ ရုပ်ရှင်အစည်းအစည်း ဥက္ကဌရာထူးဟာ အာဏာသိမ်းစစ်တပ်လက်ထက်မှာ စီးပွား​ရေးဂွင်များစွားရရှိပြီး ​ငွေရှာလို့​ကောင်းတဲ့အတွက် စစ်တပ်နဲ့ နီးစပ်တဲ့အနုပညာရှင်​တွေက မက်​မောကြတဲ့ရာထူးဖြစ်ပါတယ်။

“ ဒါရိုက်တာကြည်စိုးထွန်းက ဥက္ကဌကြည်စိုးထွန်း ရဲ့ သား ချမ်းသာကြည်စိုးက အတွင်းရေးမှုးလုပ်ပြီးပြန်ကြားရေးအလိုကျလုပ်နေကြတာ။ ဌာနဆိုင်ရာတွေ့မယ်ဆိုရင် သူတို့ပဲ လူကြီးတွေနဲ့ တွေ့ ၊ကားပါမစ်တွေရတာ။ ရုပ်ရှင်အစည်းအရုံးကို ဗန်းပြပြီး အစည်းအရုံးနဲ့ ဌာနဆိုင်ရာကြား ကြားပွဲစားလုပ်နေကြတာ” လို့ ရုပ်ရှင်​လောကသားတဦးက​ပြောပါတယ်။

ကြည်စိုးထွန်း နဲ့ သားဖြစ်သူ ချမ်းသာကြည်စိုးတို့သားအဖ ဟာ နိုဝင်ဘာလကုန်ပိုင်းက​နေ ဒီဇင်ဘာလဆန်းအထိ့တရုတ်နိုင်ငံမှာလုပ်ခဲ့တဲ့ လျန်ချန်းမဲ​ခေါင် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင် ရက်သတ္တပါတ်ပွဲ​တော်ကိုသွားခဲ့ကြပါ​​သေးတယ်။သူတို့သားအဖနဲ့အတူ ပြတ်ကြား​ရေးညွန်ကြား​ရေးမှူးချုပ် ဦး​အေးကြွယ် ၊ဒါရိုက်တာမီးပွား၊ဟာသသရုပ်​ဆောင် ဒိန်း​ဒေါင်၊ထုတ်လုပ်သူ ဦး​ဇော်မင်းတို့နဲ့အတူသွားခဲ့ကြပါ​​သေးတယ်။

ဒါ့အပြင် ရုပ်ရှင်အစည်းအရုံးလက်အောက်မှာရှိတဲ့ တိုင်းနဲ့ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့ တွေ ရုံးဖွင့်ဖို့ထားတဲ့ မြေကွက်တွေကိုလည်း စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အဖွဲ့​တွေက ပြန်လည်ရောင်းစားနေတာတယ်လို့ စုံစမ်းသိရပါတယ်။

“ ဉပမာ အနေနဲ့ သိန်းတစ်ထောင်တန်တဲ့ နေရာကို သိန်းတစ်ရာ နဲ့အရောင်းပြပြီး ကျန်တဲ့ သိန်း၉၀၀ ကိုအိပ်ကပ်ထဲ ထည့်နေပြီး အချင်းချင်းခွက်ခုတ်နေတယ်” လို့ သတင်းရင်းမြစ်ကဆိုပါတယ်။

ဆက်စပ်သတင်းများ