AAနဲ့ လက်တွဲပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မယ်
ဒီဇင်ဘာ-၁၄၊၂၀၂၅။ ဆန်အောင်/People’s Spring
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဆေးရုံ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အာရက္ခတပ်တော်(AA) ရဲ့ မဟာမိတ်ဖြစ်တဲ့ ချင်းညီနောင်က ကြေညာချက်ထုတ်ပြန်ပြီး AAနဲ့ လက်တွဲကာ စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင် မယ်လို့ ထုတ်ပြန်ပါတယ်။
စစ်တပ်က ဒီဇင်ဘာ ၁၀ရက်ညမှာ မြောက်ဦးဆေးရုံကို လေကြောင်းဗုံးကြဲခဲ့လို့ ပြည်သူ ၃၃ဦးထက်မနည်းသေဆုံးကာ ၇၆ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပေါ် အခုလို ကြေညာချက် ထုတ်ပြန်ပြီး အပြစ်မဲ့ပြည်သူ မြောက်မြားစွာ သေဆုံးထိခိုက် ဒဏ်ရာရမှုအပေါ် များစွာဝမ်းနည်း စိတ်ထိခိုက်ရဟု ဖော်ပြပါတယ်။

Public Service Announcement
ရခိုင်ပြည်တဝန်းမှ လူမျိုးဘာသာပေါင်းစုံ ပြည်သူတွေ မှီခိုအားထားရတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသ လျက်ရှိတဲ့ လူနာတွေ၊ မိသားစုတွေနဲ့ ဝန်ထမ်းတွေကို အခုလို ဗုံးကြဲသတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်း ချင်းညီနောင်က ထုတ်ပြန်ပါတယ်။
မြန်မာပြည်သူလူထုကို နည်းလမ်းပေါင်းစုံနဲ့ သတ်ဖြတ်နေတဲ့ စစ်ကော်မရှင်အား တော်လှန်တိုက်ထုတ်ရာမှာ ချင်းညီနောင်အနေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်(ULA/AA)နဲ့ မြဲမြံစွာ ရှေ့ဆက်လက်တွဲသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
ပြည်သူလူထု လိုလားတောင့်တလျက်ရှိတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေး၊ အမျိုးသား တန်းတူရေးနဲ့ မိမိကြံမ္မာ မိမိဖန်တီးရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။
စစ်ကောင်စီဟာ AAထိန်းချုပ်နယ်မြေတွေကိုသာမက ချင်းညီနောင်အဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ကန်ပက်လက်၊မင်းတပ်၊ မတူပီနဲ့ ဖလမ်းမြို့နယ်တွေမှာလည်း လေကြောင်း စစ်ဆင်ရေးတွေဆက်တိုက်ပြုလုပ်နေသလို ချင်းမြောက်ပိုင်း ဖလမ်းဘက်မှာ မြေပြင်ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။
ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “ ရက်ရက်စက်စက် မနားတမ်းဗုံးကြဲတာနဲ့ပဲ ငြိမ်ဝပ်ပိပြား ခေတ် ပြန်ရောက်မယ်ထင်နေကြတာ။ခေါင်းကို ပစ်ပြီး ခေတ်ကို ပြောင်းဖို့ မိစ္ဆာတွေ ကြိုးစားခဲ့ဖူးတယ်။ တော်လှန်ရေးက နှလုံးသားမှာရှိတာ သူတို့ မသိကြဘူး” လို့ စစ်ကောင်စီရဲ့ လတ်တလော လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလုပ်ရပ်တွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ချင်းညီနောင်နဲ့ AAဟာ စစ်ရေးအတူတကွပူးပေါင်းဆောင်ရွက်နေတဲ့ မဟာမိတ်တွေဖြစ်ပြီး အနာဂတ်မှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆွေးနွေးမှုတွေလည်း ပြုလုပ်ထားပါတယ်။
စစ်ကောင်စီဟာ မြန်မာနိုင်ငံအနှံ့အပြားရှိ စေတီပုထိုး၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းစတဲ့ သာသနိက အဆောက်အဦတွေနဲ့ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ လူနေအိမ်စတဲ့ အပြစ်မဲ့အရပ်သားနေထိုင်ရာနေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့အပါ် နိုင်ငံတကာက ထိရောက်စွာအရေးယူဖို့လည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

















































