ဒီဇင်ဘာ-၁၇၊ ၂၀၂၅ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကို ငွေနဲ့လိုက်ရွေးပေမဲ့ စစ်တပ်က ငွေသာယူပြီး လူကိုပြန်လွတ်မပေးဘဲ သင်တန်းကျောင်းပို့လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ပေါ်တာဆွဲခံလိုက်ရတဲ့ လူငယ်တွေကို မိဘဆွေမျိုးတွေက ငွေနဲ့လိုက်ရွေးခဲ့ကြောင်း၊ တစ်ဦးကို ငွေကျပ် သိန်းငါးဆယ်ကျော် ကုန်ကျသွားခဲ့ပေမဲ့ လူငယ်တွေကိုတော့ စစ်တပ်က ပြန်လွှတ်ပေးခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
“အသိတစ်ယောက်ရဲ့သား မသန်စွမ်းကလေး ပေါ်တာဆွဲခံရတာ နမခထဲရောက်သွားတယ်။ နောက်ရက်ကျသားနဲ့တွေ့ခွင့်ပေးတယ် သိန်း၅၀ယူခဲ့ မနက်ဖြန်လွှတ်ပေးမယ်ပြောတယ်။ သိန်း၅၀ ပေးပြီးတော့ အဲ့ကောင်လေးကိုလွတ်မပေးပဲတခြားစစ်တပ်ဘက်ပို့လိုက်တယ်။ မသန်စွမ်းဆိုတော့ စစ်မတိုက်ရဘူးမွေးမြူရေးခြံမှာ ခိုင်းထားတာတဲ့”လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အခြားဖမ်းဆီးခံရတဲ့လူငယ်တွေကိုလည်း ငွေသာယူပြီး လွှတ်မပေးဘဲ တောင်ငူနဲ့ တောင်ကြီးမြို့က စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွေဆီ ပို့လွတ်လိုက်ကြောင်း သိရပါတယ်။
စစ်ကောင်စီဟာ ယခုဒီဇင်ဘာလအတွင်း မုံရွာမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေ နေ့စဥ်ပြုလုပ်နေပြီး လူငယ်တွေ အများအပြား ဖမ်းဆီးခံနေရကြောင်း သတင်းရရှိပါတယ်။

















































