ဒီဇင်ဘာ-၁၈၊၂၀၂၅။အိမ်သွင်/People’s Spring
ချင်းပြည်နယ်၊တီးတိန်မြို့နယ်မှာဒေသခံတွေရဲ့တောင်ယာအနီးကိုရောက်ရှိလာတဲ့ ရှားပါးမျိုးစိတ်အင်းကျားနှစ်ကောင် ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။
ချင်းတောင်ခြေမှာရှိတဲ့တီးတိန်မြို့နယ်၊ပိမ်းပိရွာအနီးမှာဒီဇင်ဘာလ၁၇ရက်နေ့ညက အင်းကျားနှစ်ကောင် ပစ်ခတ်ခံရတာပါ။ဒေသခံတွေရဲ့တောင်ယာတဲအနီးကိုရောက်လာလို့ ရန်ပြုမှာစိုးတဲ့အတွက် တူမီးသေနတ်နဲ့ပစ်ခတ်လိုက်တာလို့ ဒီအကြောင်းကိုသိရှိတဲ့ဒေသခံတစ်ဦးကပြောပါတယ်။
“ သူတို့လည်း ကြောက်တာပါတယ်။ တောင်ယာတဲဆိုတော့ တူမီးကလည်း ရှိတယ်။ အင်းကျားတွေကလည်း စားကျက်နည်းလို့ ရောက်လာတာဖြစ်မှာ” လို့တီးတိန်မြို့ခံကပြောပါတယ်။

Public Service Announcement
အင်းကျား(Clouded Leopard)ဟာကြောင်မျိုးရင်းဝင် တောရိုင်းတိရိစ္ဆာန်ဖြစ်ပါတယ်။ခန္ဓာကိုယ် အရှည် ၂ ပေခွဲ ကနေ ၃ ပေခွဲ ခန့်၊ အမြီး အရှည် ၂ ပေ ကနေ ၃ ပေ ခန့် ရှိပါတယ်။မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ နီပေါနဲ့ အရှေ့တောင်အာရှနိုင်ငံရဲ့ သစ်တောတချို့မှာ နေထိုင်ကျက်စားကြ ပါတယ်။
အင်းကျားတွေကိုအန္တရာယ်ကြီးတယ်ဆိုပြီး သတ်ဖြတ်တာ၊ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူတာတွေနဲ့ တရားမဝင် အမဲလိုက်တာတွေကြောင့်အကောင်ရေ ၆,၀၀၀ အောက်သာ ကျန်ရှိတော့တယ်လို့ ခန့်မှန်းထားကြပါတယ်။အကောင်ရေရှားပါးလာလို့ အရေးတကြီးထိန်းသိမ်းရမယ့် တောရိုင်းတိရစ္ဆာန်အဖြစ် ၂၀၀၈ ခုနှစ်မှာ နိုင်ငံတကာသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအသင်း(ICUN )က သတ်မှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလကလည်းမကွေးတိုင်းပေါက်မြို့နယ်မှာအင်းကျားတစ်ကောင်ကို ဒေသခံတွေက ဖမ်းမိခဲ့ပြီး အန္တရာယ်ရှိတယ်လို့ ယူဆတာကြောင့် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။

















































