Connect with us

Hi, what are you looking for?

သတင်း

အပ်စတိန်းဖိုင်တွေ ကိစ္စမှာ ကလင်တန်ကို အိမ်ဖြူတော် အသုံးချနေတယ်လို့ ပြောရေးဆိုခွင့်ရ အရာရှိဝေဖန်

အပ်စတိန်းဖိုင်တွေ ကိစ္စမှာ သူဟာ အိမ်ဖြူတော်ရဲ့ အသုံးချခံ ဖြစ်နေခဲ့ကြောင်း အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ဖက်က ဝေဖန်ခဲ့ပါတယ်။

ဓာတ်ပုံ - Department Of Justice

အပ်စတိန်းဖိုင်တွေ ကိစ္စမှာ သူဟာ အိမ်ဖြူတော်ရဲ့ အသုံးချခံ ဖြစ်နေခဲ့ကြောင်း အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ဖက်က ဝေဖန်ခဲ့ပါတယ်။

အပ်စတိန်းဖိုင်တွေကို အမေရိကန် တရားရေး ဝန်ကြီးဌာန ဒီဇင်ဘာ ၁၉ ရက်နေ့၊ သောကြာနေ့ ညနက်ပိုင်းမှာ စပြီး ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအခါ ကလင်တန်က လိင်အမြတ်ထုတ်မှု၊ လူကုန်ကူးမှု တရားခံ စီးပွားရေး လုပ်ငန်းရှင်ဟောင်း အပ်စတိန်းအပြင် အပ်စတိန်းရဲ့ လက်ရုံး အမျိုးသမီး ဂျီစလိန်း မက်စ်ဝဲလ်နဲ့ အတူရှိနေတဲ့ ဓာတ်ပုံတွေလည်း ပါလာခဲ့ပါတယ်။

အပ်စတိန်း ဖိုင်တွေ ဆိုတာဟာ ၂၀၁၉ ခုနှစ်တုန်းက အချုပ်ခန်းထဲမှာ သေကြောင်းကြံသွားတဲ့ ရာဇဝတ်ကောင် အပ်စတိန်းကို စစ်ဆေးထားတဲ့ အမှုတွဲတွေကို ဆိုလိုတာပါ။ အပ်စတိန်းဟာ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးခဲ့ဖူးတာကြောင့် အတိုက်အခံ ဒီမိုကရက်တစ် ပါတီက အဲဒီဖိုင်တွေ ထုတ်ပေးဖို့ အစိုးရကို ဖိအားပေးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ ထရမ့်ရဲ့ ခွင့်ပြုချက်အရ တည်းဖြတ်ထားတဲ့ ဓာတ်ပုံတွေ အများအပြား အပါအဝင် အပ်စတိန်း ဖိုင်တွေရဲ့ ပထမအသုတ်ကို တရားရေး ဝန်ကြီးဌာနက ထုတ်ပြခဲ့ပြီး ကလင်တန်ရဲ့ ဓာတ်ပုံတွေ ပါလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကလင်တန်က အမျိုးသမီးငယ် တစ်ဦးနဲ့အတူ ရေကူးကန်ထဲမှာ ရှိနေတဲ့ပုံကိုလည်း တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကလင်တန်ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အန်ဟဲလ် ယူရီနာက အိမ်ဖြူတော်ဟာ ကိုယ့်ပြဿနာတွေကို ဖုံးကွယ်ဖို့အတွက် ကလင်တန်ကို အသုံးချခဲ့တာလို့ လူမှုကွန်ရက် မီဒီယာ Xမှာ စွပ်စွဲရေးသားခဲ့ပါတယ်။ အိမ်ဖြူတော် အနေနဲ့ လတွေ အများကြီးကြာအောင် ဖုံးကွယ်ထားရာကနေ ကလင်တန်ရဲ့ ဓာတ်ပုံတွေကို သောကြာနေ့ ညပိုင်းအချိန်မျိုးမှာ ထုတ်ပြန်ခဲ့တာဟာ နောက်လာမယ့် ကိစ္စတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့သာ ဖြစ်ကြောင်း၊ ဒါမှမဟုတ် နောက်ထပ် တစ်သက်လုံး ဖုံးကွယ်ထားချင်တာတွေကြောင့် ဖြစ်နိုင်ကြောင်း ယူရီနာက ဝေဖန်ထားပါတယ်။

ကလင်တန်ကို ဗန်းပြပြီး နောက်ထပ် နှစ်ပေါင်း ၂၀ လောက် သက်တမ်းရှိတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က လိုသလို ခြယ်လှယ်ပြီး ထုတ်ပြနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ကြောင်း၊ ဒီကိစ္စတစ်ခုလုံးရဲ့ ပင်မ အကြောင်းအရာဟာ ကလင်တန် မဟုတ်သလို ဘယ်တော့မှလည်း အဲဒီလို ဖြစ်လာမှာ မဟုတ်ကြောင်း ယူရီနာက ရေးသားထားခဲ့ပါတယ်။

နောက်ပြီး အိမ်ဖြူတော် ဝန်ထမ်းရေးရာဌာန အကြီးအကဲ ဆူဆီဝိုင်းလ်စ်ကိုယ်တိုင်က ကလင်တန်ဟာ ကာရေဘီယန်မှာရှိတဲ့ အပ်စတိန်းပိုင် ကျွန်းတစ်ခုကို သွားရောက်ခဲ့တာမျိုး မရှိဘူးဆိုတာ ထုတ်ပြောထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ထရမ့်ကတော့ အဲဒီကျွန်းကို ကလင်တန် သွားရောက်ခဲ့တယ်လို့ မကြာခဏ စွပ်စွဲခဲ့ပါတယ်။

ကလင်တန်ဟာ အပ်စတိန်းရဲ့ ကာလရှည်ကြာ မိတ်ဆွေတစ်ဦး ဖြစ်ခဲ့ပေမယ့် ၂၀၀၅ ခုနှစ်တုန်းက အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ် အပ်စတိန်းက လိင်အမြတ်ထုတ်ခဲ့ကြောင်း စွပ်စွဲချက်တွေ စတင်ထွက်ပေါ်လာချိန်မှာ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပါတယ်။

အပ်စတိန်းဟာ ကလင်တန်ရဲ့ အမေရိကန် သမ္မတဘဝ အစောပိုင်း ကာလတွေတုန်းက အိမ်ဖြူတော်ကို ၁၇ ကြိမ်ထက်မနည်း လာရောက်ခဲ့ဖူးကြောင်းလည်း အိမ်ဖြူတော် ဧည့်သည်တော် အဝင်အထွက်စာရင်း မှတ်တမ်းတွေအရ သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက် အားပေးမယ်လို့ အိမ်ဖြူတော်က အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်ရှေ့ မြေကွက်လပ်မှာ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA) ပြိုင်ပွဲ ကျင်းပဖို့ သံလှောင်အိမ်ကြီးကို စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။