ကြိုတင် ခန့်မှန်းထားတဲ့အတိုင်း အာဏာသိမ်း ဂီနီရာ စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မာမာဒီ ဒွမ်ဘူယာကပဲ အနိုင်ရသွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ ဂီနီရာ စစ်တပ်ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့က အရပ်သား အစိုးရ လက်ထဲကို အာဏာလွှဲပေးဖို့ဆိုပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ ဒွမ်ဘူယာ ကိုယ်တိုင်လည်း ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။
စစ်တပ်က ဦးဆောင်တဲ့ ရွေးကောက်ပွဲမှာ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်ယှဉ်ပြိုင်ခွင့် မရအောင် တားမြစ်ထားတာကြောင့် ဒွမ်ဘူယာဟာ အားကောင်းတဲ့ ပြိုင်ဘက်မျိုး မရှိဘဲ ရွေးကောက်ပွဲ ဝင်ခဲ့ရတဲ့ သဘောပါပဲ။
ဒါကြောင့် ရွေးကောက်ပွဲရဲ့ တရားမျှတမှု၊ စစ်မှန်မှု တန်ဖိုးတွေကို ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိနေခဲ့တဲ့တိုင် နောက်ဆုံးမှာတော့ ဒွမ်ဘူယာ အနိုင်ရတဲ့ ရလဒ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
နိုင်ငံရေး အကဲခတ်တွေကတော့ အဲဒီရွေးကောက်ပွဲဟာ ဒွမ်ဘူယာရဲ့ နိုင်ငံရေးဩဇာ ချုပ်ကိုင်မှုကို ပိုပြီး ခိုင်မာသွားအောင် ကြံစည်ထားတဲ့ အတုအယောင် အခင်းအကျင်း တစ်ခုသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၃၀ မှာ ထုတ်ပြန်ခဲ့တဲ့ ကနဦး မဲရလဒ်တွေအရ ဒွမ်ဘူယာဟာ ထောက်ခံမဲ ၈၆.၇၂ ရာခိုင်နှုန်းထိ ရရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီအတွက် ဒွမ်ဘူယာဟာ ၇ နှစ်ကြာ သက်တမ်းနဲ့ သမ္မတ ရာထူးကို လက်ခံသွားမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ အသက် ၈၃ နှစ်အရွယ် သမ္မတ အယ်လ်ဖာ ကွန်ဒေးဆီက အာဏာသိမ်းခဲ့တုန်းက ဒွမ်ဘူယာက သူဟာ ရွေးကောက်ပွဲ ဝင်မှာမဟုတ်ကြောင်းနဲ့ အရပ်သား အစိုးရဆီ ကျိန်းသေပေါက် အာဏာလွှဲပေးမှာဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။ နောက်တော့မှ ကတိဖျက်ပြီး ရွေးကောက်ပွဲဝင်မယ် ဆိုတာကို စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ နောက်ထပ် သမ္မတလောင်း ၈ ဦးလည်း ယှဉ်ပြိုင်ခဲ့မယ့် ဘယ်သူမှ ဒွမ်ဘူယာကို လက်တွေ့ စိန်ခေါ်နိုင်စွမ်း မရှိကြပါဘူး။ ဒါ့အပြင် အာဏာသိမ်း စစ်တပ်ဟာ အဓိက နိုင်ငံရေး အင်အားကြီး ပါတီတွေကိုလည်း ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရအောင် တားမြစ်ထားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC


















































