ဇန်နဝါရီ-၂၊ ၂၀၂၆။သတိုး/People’s Spring
စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF)ကနေ ကရင်အမျိုးသားတပ်မတော်(KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းရာမှာ ၉၀ကျော်ရာခိုင်နှုန်းအထိ ပြောင်းလဲဖွဲ့စည်းပြီးပြီလို့ KNAပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။
“ခန့်မှန်းခြေဆိုရင် တော်တော်များများပြောင်းဖြစ်ပါတယ်။ ၉၈ ရာခိုင်နှုန်းလောက်တော့ ပြောင်းပြီးပြီလို့ ပြောလို့ရတယ်”လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။
BGF တပ်ရင်း ၁၃ ရင်းရှိရာ လက်တလောမှာ ရာခိုင်နှုန်း ၉၀ကျော်ဟာ KNAအဖွဲ့အဖြစ်ပြောင်းလဲပြီး ကျန်တဲ့ တပ်ရင်းဟာ မကြာမီအချိန်အတွင်း ပူးပေါင်းပါဝင်လာဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement
“KNA ဖွဲ့တော့ စစ်ဒေသ ၁၊၂၊၃၊၄ ဆိုပြီးတော့ အရင်ပြန်ပြီး နယ်မြေအလိုက်ပြန်ဖွဲ့တယ်။ အဲဒီ့မှာမှ ဗျူဟာ ၁၁၁ ကနေ ၉၉၉ အထိ ဗျူဟာ ၉ ဗျူဟာပေါ့။ အဲဒီ့ ၉ ဗျူဟာ အောက်မှာမှ တပ်ရင်းတွေ အသီးသီးရှိတာပေါ့။ တပ်ရင်း ၆၀ ကျော်။ အဲဒီ့ကနေ ပြီးတော့ ဒီဘက်တစ်ခြမ်းမှာ စစ်ဒေသ ဗျူဟာ ပြီးလို့ရှိရင် ဗဟို။ အထူးလုံခြုံရေးတပ်ရင်း ဆိုပြီး နှစ်ရင်းသပ်သပ် ရှိတယ်။အဲဒီလိုပြန်ဖွဲ့စည်းထားတယ်”လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်ကပြောပါတယ်။
စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)
အဖြစ်ကနေ ကရင်အမျိုးသားတပ်မတော်(KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ အချိန် ၂နှစ်ကျော်ကြာ ဆွေးနွေးဆုံးဖြတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့ KNA အဖြစ်ပြောင်းလဲတယ်ဆိုတာ ပုန်ကန်ဖို့ မဟုတ်ဘူး။ BGF ကနေ KNA အဖြစ်အသွင်ပြောင်းတယ်ဆိုတာနံပါတ်တစ်ကတော့ ကရင်တစ်မျိုးသားလုံးရဲ့ အခန်းကဏ္ဍမှာ တစ်ထောင့် တစ်နေရာကနေ ကျွန်တော်တို့ပါဝင်နိုင်အောင်။ ပါဝင်ခွင့်ရအောင်။ နောက်တစ်ချက်ကကျတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အင်မတန်အရေးကြီးနေတဲ့ အရာက ဘာလဲဆို ငြိမ်းချမ်းရေး ။ ငြိမ်းချမ်းရေးရဲ့ အခန်းကဏ္ဍမှာလည်း ကျွန်တော်တို့က တစ်ခန်းတစ်ကဏ္ဍကနေ ပြီးတော့ ပါဝင်ကူညီဆောင်ရွက်နိုင်အောင် ဒီလိုမျိုးပြောင်းတာဖြစ်တယ်။ နောက်တစ်ခုက လက်ရှိ မိမိဒေသ မိမိပြည်သူတွေ ဘဝလုံခြုံဖို့၊ မိမိတို့ဒေသ တိုးတက်ရေး မိမိတို့ဒေသ ဖွံ့ဖြိုးဆောင်ရွက်နိုင်အောင်။ အဓိကက မူပြောင်းတာမဟုတ်ဘူး”လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆိုပါတယ်။
KNA အဖြစ်ပြောင်းလဲဖို့ ၂၀၂၄ ကတည်းက စစ်တပ်ထံက လစာမယူတော့ပဲ ရပ်တည်လာတာလို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့က ခွဲထွက်တာလည်းမဟုတ်ဘူး။ ပုန်ကန်တာလည်းမဟုတ်ဘူး။ မိမိဘာသာမိမိ ကရင်တစ်မျိုးသားလုံးရဲ့ ကံကြမ္မာတစ်ခုအတွက် မိမိတို့ဟာမိမိရပ်တည်ခဲ့တာ။ အရင်တုန်းကလည်း ၂၀၂၄ ကတည်းက လစာမယူတော့ပဲ ရပ်တည်ခဲ့တာ။ ဒီနေ့အထိပဲ။ ရှင်းရှင်းပြောရရင် အချိန်အခါတစ်ခုကိုရောက်လာပြီဆိုတော့လူကြီးတွေအားလုံးသဘောတူဆုံးဖြတ်ပြီးအောက်ကတပ်မှူးတပ်ဗိုလ်တွေ ညှိုနှိုင်းဆောင်ရွက်ပြီးတော့ ဒီလိုနေ့မျိုးလေးတစ်ခုရောက်လာခဲ့တာ”လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်ကပြောပါတယ်။
စစ်တပ်က အာရှအဝေးပြေးလမ်းကိုတန်ပြန်
ထိုးစစ်ဆင်ချိန် ၊ သက်န်းညီနာင် ၊လေ့ကေ့ကော်မြို့သစ်တွေကိုတန်ပြန်ထိုးစစ်ဆင်ချိန်တွေမှာ BGF က ကူညီခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။
ကရင်ပြည်နယ်၊ မြဝတီဒေသက BGFနဲ့ DKBA ထိန်းချုပ်နယ်မြေမှာ ကျားဖြန့်ခေါ် တရုတ်ငွေလိမ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှုရာဇဝတ်မှုတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။BGFခေါင်းဆောင် စောချစ်သူ အပါအဝင်သူ့မိသားစု ၊မိသားစုပိုင်လုပ်ငန်းတွေ နဲ့ BGF ကို အမေရီကန်၊ ဗြိတိန် တို့က အရေးယူဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။
အမေရိကန်က BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်စောချစ်သူကို ဒဏ်ခတ်အရေးယူမှုပြုလုပ်ပြီး ကျားဖြန့်တွေ နှိမ်နင်းဖို့အတွက် အထူးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီးနောက် BGFက ကျားဖြန့်ကို အပြတ်ရှင်းလင်းမယ်လို့ဆိုထားပါတယ်။အဲဒီနောက် စစ်တပ်နဲ့ BGF တို့က KK Park နဲ့ ရွှေကုက္ကိုလ်မှာကျားဖြန့်လုပ်ကိုင်သူတွေကိုထွက်ပြေးခိုင်းပြီး အဆောက်အအုံတွေကိုဖျက်ဆီး ၊ဖုန်းနဲ့ကွန်ပျူတာတွေကိုဖျက်ဆီးခဲ့ကြပါတယ်။ ဒါပေမယ့်အဲလိုလုပ်တာဟာ သက်သေခံပစ္စည်းတွေကိုဖျက်ဆီးတာဖြစ်လို့ ပြည်တွင်း၊ပြည်ပမှ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ခဲ့ကြပါတယ် ။


















































