ဇန်နဝါရီ-၂၊၂၀၂၆၊ရှိန်း/ People’s Spring
မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်ကြားထဲ ကျေးရွာ ၂၀လောက်မှာ စစ်တပ် တပ်စွဲထားပြီး အင်အား၆၀၀လောက်နဲ့ စစ်ကြောင်းထိုးနေတာမို့ ဒေသခံသောင်းနဲ့ချီထွက် ပြေးနေရတယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောပါတယ်။
ဩဂုတ်လကတည်း မြင်းခြံ- နွားထိုးကြီးလမ်းပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး အင်အားတွေ ထပ်တိုးထားတာလို့ မြင်းခြံမြို့နယ်ပကဖတာဝန်ရှိသူတဦး ကပြောပါတယ်။
မြင်းခြံမြို့နယ်က သစ်ပင်ရှည်၊သန်းကျ၊စံပြ၊ခင်မကန်၊သဲတော၊တဲရွာ၊ညောင်ပင်ကျေးရွာနဲ့ နွားထိုးကြီးမြို့နယ်က ရွာကြီး၊ကံနောင်း၊အုန်းသာ၊ကံရွာ၊သာယာကုန်း၊လျှော်ဖြူ၊မိုးကန်ကေိးရွာ၊ မြို့နယ် နှစ်ခုအစပ်က မင်းရွာ၊ကူကုန်း၊ခံစက်ကုန်းအရှေ့ရွာနဲ့ အနောက်ရွာတို့မှာ စစ်တပ်ကအင်အား ၃၀ ကျော်တွေနဲ့ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

Public Service Announcement
“အခုက စစ်ကြောင်းထွက်ရင် နောက်ချန်အင်အားချန်ထားခဲ့တာ။ရွာတရွာကို ၃၀၊၄၀ လောက် ချန်ထားခဲ့တယ်။အတွင်းထဲရွာတွေဆိုရင် အနည်းဆုံး၇၀၊၈၀ လောက်ရှိတယ်”လို့ မြင်းခြံမြို့နယ်ပကဖ တာဝန်ရှိသူတဦး ကပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက်မှာ ကူကုန်းကျေးရွာက ထွက်လာတဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီနေ့မှာပဲ မြင်းခြံမြို့နယ်က တလုပ်မြို့မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းတွေကြောင့် မြို့နယ်နှစ်ခုကြားကဒေသခံ သောင်းနဲ့ချီထွက် ပြေးနေရတယ်လို့ သိရပါတယ်။


















































