Connect with us

Hi, what are you looking for?

သတင်း

ဂါဇာက လူသားချင်းစာနာမှု အေဂျင်စီတွေကို ဂျိုလီ သွားရောက်တွေ့ဆုံ

ဂါဇာကမ်းမြှောင်ဒေသနဲ့ အီဂျစ်နိုင်ငံရဲ့ နယ်စပ်ကို အန်ဂျလီနာ ဂျိုလီက သွားရောက်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဂါဇာကမ်းမြှောင်ဒေသနဲ့ အီဂျစ်နိုင်ငံရဲ့ နယ်စပ်ကို အန်ဂျလီနာ ဂျိုလီက သွားရောက်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ – Getty Images

ဟောလိဝုဒ် အထင်ကရ မင်းသမီးတစ်လက် ဖြစ်ခဲ့သလို ကုလသမဂ္ဂရဲ့ ဒုက္ခသည်ရေးရာ နှလုံးလှ သံတမန် အဖြစ်လည်း တာဝန်ယူခဲ့ဖူးတဲ့ ဂျိုလီဟာ ဇန်နဝါရီ ၂ ရက်နေ့မှာ အီဂျစ်နဲ့ နယ်စပ်နားက ရာဖာဟ်မြို့ရဲ့ နယ်စပ်ဂိတ်ဆီ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ရာဖာဟ်ဟာ ဂါဇာရဲ့ တောင်ဖက်စွန်း အပိုင်းမှာ တည်ရှိပါတယ်။ ဂျိုလီရဲ့ ကိုယ်စားလှယ်တွေက လူသားချင်း စာနာမှု မစ်ရှင်တစ်ခုအဖြစ် အီဂျစ်ကို သူသွားရောက်ခဲ့တဲ့ အကြောင်းကို အတည်ပြု ထုတ်ပြန်ထားခဲ့ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသထဲ ဝင်ရောက် အလုပ်လုပ်နေတဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အဖွဲ့အစည်း တချို့ကို ကန့်သတ် ပိတ်ပင်သွားမယ်လို့ အစ္စရေးက ကြေညာချိန်မှာ ဂျိုလီက ဂါဇာ-အီဂျစ် နယ်စပ်ဆီ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာ ဒုက္ခသည်တွေကို ကူညီဖို့ အပတ်တကုတ် ကြိုးစားနေတဲ့ အေဂျင်စီ တချို့နဲ့ စကားပြောခွင့် ရခဲ့ကြောင်း၊ ကန့်သတ်မှုတွေနဲ့ စိန်ခေါ်မှုတွေ ကြားထဲကနေ ကိုယ့်တာဝန်ကိုယ် အကောင်းဆုံး ကျေပြွန်အောင် လုပ်ဆောင်နေသူတွေကို တွေ့ခွင့်ရခဲ့ကြောင်း ဂျိုလီရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။

သူဟာ ဆေးဝါးပစ္စည်း အများစု အပါအဝင် ဂါဇာကို ပို့ဆောင်ဖို့ စီစဉ်ထားပေမယ့် ဝင်ခွင့်မရတဲ့ အကူအညီပေးရေး ပစ္စည်းတွေ ရှိနေရာ ကုန်လှောင်ရုံကြီး တစ်ခုကိုလည်း တွေ့ခဲ့တယ်လို့ ဂျိုလီက ဆိုပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာတော့ အစ္စရေးဟာ မှတ်ပုံတင် သက်တမ်းတိုးဖို့ ပျက်ကွက်တဲ့ နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့အစည်းတွေကို ဂါဇာဆီ ဝင်ရောက်ခွင့် ပိတ်ပင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလို မှတ်ပုံတင်တဲ့ အခါမှာ အေဂျင်စီ အသီးသီးဟာ ဂါဇာမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ အသေးစိတ် ကိုယ်ရေး အချက်အလက်တွေကို အစ္စရေး အာဏာပိုင်တွေဆီ တင်ပြဖို့ လိုအပ်ပါတယ်။ အဲဒီ သတ်မှတ်ချက်နဲ့ ပတ်သက်လို့လည်း အေဂျင်စီတွေဖက်က ပုဂ္ဂိုလ်ရေး လုံခြုံမှု ချိုးဖောက်ခံရမှာကို စိုးရိမ်ကြောင်း ဝေဖန် ကန့်ကွက်တာတွေ ရှိနေခဲ့ပါတယ်။

အစ္စရေးကတော့ အဲဒီလို မှတ်ပုံတင်ဖို့ စည်းမျဉ်းတွေ သတ်မှတ် ထားရှိတာဟာ နိုင်ငံတကာ အထောက်အပံ့တွေအပေါ် ဟားမားစ် ပြောက်ကျားတွေက အမြတ်ထုတ်လာနိုင်တာကို ကာကွယ်ဖို့ ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။

ဂျိုလီက ဂါဇာမှာ လက်ရှိ ရထားတဲ့ အပစ်ရပ် သဘောတူညီချက်ဟာ ကျိန်းသေပေါက် ဆက်လက် တည်တံ့နေဖို့ လိုကြောင်းလည်း ပြောကြားခဲ့ပြီး လူသားချင်း စာနာမှု ပစ္စည်းတွေ ဝင်ရောက်မှုကလည်း ထုထည်ပမာဏ မြန်မြန် တိုးနိုင်ဖို့ အရေးကြီးတယ်လို့ ထောက်ပြခဲ့ပါတယ်။

အထူးသဖြင့် ဆောင်းရာသီအတွက် လိုအပ်တဲ့ အသုံးအဆောင်နဲ့ တခြားပစ္စည်းတွေကို ဒုက္ခသည်တွေဆီ အမြန်ဆုံး ပေးပို့ဖို့ လိုအပ်ကြောင်း သူက ဆိုပါတယ်။ ပြီးတော့ ဂါဇာ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားပေးနေသူ တစ်ဦးချင်းစီကိုလည်း လေးစား ကျေးဇူးတင်မိကြောင်း ဂျိုလီက ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ