ဇန်နဝါရီ-၄၊၂၀၂၅။အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ ပစ်ခတ်သံတွေငြိမ်သက်နေပေမယ့် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေပြီး မြို့ပေါ်က ဒေသခံ ၃ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ကသာမြို့က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ၂၀၂၅ ဒီဇင်ဘာ၂၈ ရက်မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲစတင်ခဲ့တာပါ။
အခု ဇန်နဝါရီ ၃ရက်ကစပြီး မြို့ထဲမှာ ပစ်ခတ်သတ်တွေငြိမ်သက်နေပေမယ့် မြို့ပြင်က ခမရ(၃၀၉) တပ်ရင်းအနီးဝန်းကျင်မှာတော့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

Public Service Announcement
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကာလမှာ ကသာမြို့၊ အမှတ်(၉)ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲလို့ သားအမိနှစ်ဦးသေဆုံးခဲ့ပြီး ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးရဲ့ရုပ် အလောင်းကိုလည်းတွေ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“ သားအမိတွေသေဆုံးက သမီးကို လေကြောင်းကပစ်တဲ့ လက်နက်စ ထိမှန်ပြီးသေတာ။အဲဒါကိုမြင်တဲ့အမေကနှလုံးရပ်သေဆုံးတာ။ လေကြောင်းကနေဆက်ပြီးပစ်ခတ်နေလို့ ဖြစ်သလိုသင်္ဂြိုဟ်ခဲ့ရတယ်လို့သိရတယ်” လို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီက ဆုတ်ခွာခဲ့တဲ့ ကသာမြို့အထက(၂)ကျောင်းဝန်းကိုလည်း ဗုံးကြဲဖျက်စီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ နတ်ရေတွင်း၊ အောင်ပုံရွာတွေအပြင် ကသာမြို့ရဲ့ဘေးပတ်ဝန်းကျင်ရွာတွေကို ဗုံးအလုံးရေရာချီကြဲခဲ့တယ်လို့ သိရပါတယ်။
” တိုက်ပွဲက မြို့တွင်းပိုင်းမှာငြိမ်နေတာနှစ်ရက်ရှိပြီ။ ဘာဆက်ဖြစ်မလဲတော့ မသိနိုင်ဘူး။ ဒေသခံတွေကတော့ ကြုံသလို စစ်ဘေးရှောင်နေကြတယ်” လို့ ကသာမြို့ကနေထွက်လာတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာတွေကို ဗုံးတွေ ရာချီကြဲခဲ့လို့ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေရှိနိုင်တာကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံများစုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ အင်းတော်နဲ့ မော်လူးမြို့ဘက်အပြင် မြစ်ကြီးနားနဲ့မန္တလေးမြို့ဘက်ကို စစ်ဘေးရှောင်ကြပါတယ်။ ဒေသခံတွေ စစ်ရှောင်တဲ့လမ်းကြောင်းကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်လို့ မြို့ထဲကိုပြန်ဝင်လာတဲ့သူတွေလည်းရှိပါတယ်။
ကသာမြို့မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားလုံးဝရပ်ဆိုင်းသွားပြီဖြစ်သလို ခမရ(၃၀၉)တပ်ရင်းထဲ ထွက်ပြေးတဲ့ Non CDM ဝန်ထမ်းတွေကို စစ်ကောင်စီက ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့စခန်းတွေအနက် အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်စဉ် စစ်ကောင်စီတပ်နဲ့ Non CDM ဝန်ထမ်းတွေက မြို့ပြင်မှာရှိတဲ့ ခမရ(၃၀၉)တပ်ရင်းထဲမှာ သွားရောက်စုစည်းနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အရပ်သားပြည်သူတွေနဲ့အတူ စစ်ရှောင်အဖြစ် ဟန်ဆောင်ထွက်ပြေးတဲ့ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်း၅၀ခန့်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းမိထားပါတယ်။

















































