Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းမြောက်ပိုင်းကို စစ်ကောင်စီက အင်အား ၂၀၀ကျော်ထပ်မံ ဖြည့်တင်း

ချင်းပြည်နယ်မြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က စစ်အင်အား ၂၀၀ကျော်ထပ်မံ ဖြည့်တင်းလာကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က အတည်ပြုပါတယ်။

ဇန်နဝါရီ-၂၁၊၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်မြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က စစ်အင်အား ၂၀၀ကျော်ထပ်မံ ဖြည့်တင်းလာကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က အတည်ပြုပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်မြောက်ပိုင်းကို ယမန်နေ့ ဇန်နဝါရီ ၂၀ရက်မနက်မှာ စစ်ယာဉ်တန်းနဲ့အင်အားဖြည့်လာတဲ့ သတင်းအပေါ် အခုလို အတည်ပြုတာပါ။

ဇန်နဝါရီ ၂၀ရက်မှာ စစ်ကောင်စီက ကလေး-တီးတိန်လမ်းပိုင်းက သိုင်းငင်းဒေသကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

” ဘယ်ဘက်ကို ဦးတည်မလဲဆိုတဲ့ဟာက မသိရသေးဘူး။ ဆိုတော့ ဘာမှာတော့ ပြောစရာမရှိပါဘူးဗျ။ အင်အားကတော့ ၂၀၀ ကျော် ၃၀၀ ပတ်ချာလည် ပေါ့နော် အဲဒီလောက်ပဲရှိမယ်”လို့ PDF ဇိုလဲန်းစစ်ဦးစီးချုပ်က ပြောပါတယ်။

The Voice of Chinland-VOCရဲ့ ဖော်ပြချက်မှာ စစ်ကောင်စီဟာ ကလေးမြို့ကနေ သံပြားကား ၃စီး၊၁၂ဘီးကား ၅စီးနဲ့ ထွက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းမြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က ၂၀၂၅ နှစ်လယ်ကတည်းက စတင်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အဲဒီတုန်းက ကလေး-သိုင်းငင်းကြားမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့လို့ တလခွဲကျော်ကြာအထိ သိုင်းငင်းကို မရောက်နိုင်ဘဲ ဇူလိုင်လဆန်းမှာ ကလေးဘက်ကို တပ်ပြန်ဆုတ်သွားတာဖြစ်ပါတယ်။

၂၀၂၅ အောက်တိုဘာလကုန်မှာ ကလေးဘက်ကစစ်အင်အားဖြည့်ထားတဲ့ စစ်ကြောင်းနဲ့ တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ်ဖြည့်ထားတဲ့ စစ်ကြောင်းတွေက နိုဝင်ဘာလဆန်းမှာ ထိုးစစ်ဆင်လာလို့တော်လှန်ရေး တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီး ချင်းပူးပေါင်းတပ်တွေစိုးမိုးထားတဲ့နေရာအချို့ကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ ပြန်ရဖို့ စစ်ကောင်စီက ကလေး-သိုင်းငင်းဘက်က ထိုးစစ်ဆင်သလို ဖလမ်း ဝေဘူလမြို့ဘက်ကနေထိုးစစ်ဆင်လို့ တိုက်ပွဲတွေဆက်ရှိနေပြီး နှစ်ဖက်ကျဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။

ချင်းမြောက်ပိုင်းနယ်မြေတွေပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ချင်းညီနောင်၊ ချင်းပြည်ကောင်စီတို့ အတူပူးပေါင်းခုခံနေတာဖြစ်ပါတယ်။ နှစ်လခွဲကျော်ကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း သေဆုံးထိခိုက်များပြားပြီး လက်နက်ခဲယမ်းအများအပြားကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ရရှိထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီသုံ့ပမ်းတွေ၊ စစ်ကောင်စီတပ်က ထွက်ပြေးပြီး အလင်းဝင်လာသူတွေလည်းရှိတယ်လို့ ချင်းညီနောင်အဖွဲ့ဝင်တခုဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းတင်မီက အသိပေးထားပါတယ်။

ဖလမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားသုံး တိုက်ခိုက်နေသလို လက်နက်ခဲယမ်း၊ ရိက္ခတွေကိုလည်း လေကြောင်းကနေ ဖြည့်တင်းတာတွေရှိပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံသောင်းချီစစ်ဘေးရှောင်နေကြရပြီး အရေးပေါ် အကူအညီတွေလည်းလိုအပ်နေကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

ချင်းညီနောင်ဟာ ဖလမ်းမြို့ကို ပြန်လည်လက်လွှတ်ရခြင်းမရှိစေရေး ကြိုးစားသွားမယ်လို့ အသိပေးထားတဲ့အပြင် သိမ်းပိုက်ဖို့ ကျန်နေတဲ့ တီးတိန်မြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ အခုနှစ်သစ်မှာ ဆက်လက်ကြိုးစားသွားမယ်လို့ အသိပေးထားပါတယ်။ ဒီအခြေအနေမှာ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းကနေ စစ်အင်အားတွေ ထပ်မံဖြည့်တင်းလာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။