ဇန်နဝါရီ-၂၆၊ ၂၀၂၆။မေရီ/People’s Spring
စစ်ကောင်စီဟာ အပျော်စီး ပါရာမော်တာနဲ့ ဂျိုင်ရိုကော့ပတာတွေအသုံးပြုကာ အရပ်သားပြည်သူတွေပစ်မှတ်ထားတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာပြီး ထိရောက်စွာ တားမြစ်တဲ့ ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
Fortify Rights ဟာ ၂၀၂၄ ဒီဇင်ဘာကနေ ၂၀၂၆ ဇန်နဝါရီ ၁၁ရက်အထိ ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာများနဲ့ အရပ်သားများအပေါ် တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၃၀၄ခုကို မှတ်တမ်းယူခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ စီးပွားဖြစ် ထုတ်လုပ် ထားတဲ့ အပျော်တမ်းစီး ပါရာမော်တာများ (စက်တပ်လေထီး) နဲ့ ဂျိုင်ရိုကော့ပတာများ (gyrocopters) ကို အသုံးပြုကာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို တိုးမြှင့် လုပ်ဆောင်နေတယ်လို့ Fortify Rights က ထုတ်ပြန်ပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဟာ ၂၀၂၄ ဒီဇင်ဘာက မန္တလေးတိုင်းမှာ တိုက်ခိုက်မှုတစ်ခုနဲ့ စတင်ခဲ့ပြီးနောက် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီနဲ့ ပဲခူးတိုင်းရှိ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုန်းကြီးကျောင်းများနဲ့ နေအိမ်များကဲ့သို့ အရပ်သားပစ်မှတ်များသာမက ငြိမ်းချမ်းစွာ စုဝေးမှုများကိုပါ ပါရာမော်တာနဲ့ ဂျိုင်ရိုကော့ပတာများ အသုံးပြုပြီး အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Fortify Rights ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စရိတ်နည်း လေကြောင်းတိုက်ခိုက်မှုအဖြစ် ပါရာမော်တာနဲ့ ဂျိုင်ရိုကော့ပတာသုံး ဗုံးကြဲမှုများ မြင့်တက်လာခြင်းဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြေပြန့်ဒေသများအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုသစ်တစ်ခု ဖြစ်လာတယ်လို့ Fortify Rights ကဆိုပါတယ်။
”မြန်မာစစ်တပ်ဟာ မောင်းနှင်သူကိုယ်တိုင် ဖြုတ်ချရတဲ့ လမ်းညွှန်စနစ်မဲ့ မော်တာဗုံးသီးတွေ တပ်ဆင်ထားတဲ့ ပါရာမော်တာတွေနဲ့ ဂျိုင်ရိုကော့ပတာတွေကို အသုံးပြုပြီး ကောင်းကင်ပေါ်ကနေ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက် တဲ့ နည်းဗျူဟာသစ်ကို ကျင့်သုံးနေတယ်”လို့ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ မချစ်ဆိုင်းက ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။
နိုင်ငံတကာအစိုးရများအနေနဲ့ စစ်အုပ်စုထံသို့ လက်နက်နဲ့ လေယာဉ်ဆီသာမက ပါရာမော်တာနဲ့ ဂျိုင်ရိုကော့ပတာ အပိုပစ္စည်းများအပါအဝင် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးနည်းပညာများ (Dual-use technologies) စီးဆင်းမှုကိုပါ အရေးပေါ် ပိတ်ဆို့တားဆီးဖို့ လိုအပ်နေတယ်လို့ Fortify Rights က သတိပေးပါတယ်။
ယခုလိုတိုက်ခိုက်မှုတွေ အရှိန်မြင့်တက်လာတာဟာ မြန်မာနိုင်ငံအလယ်ပိုင်းကို အာဏာသိမ်းစစ်အုပ်စုမှ ထိန်းချုပ်ဖို့နဲ့ လူထုကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းမှုဖြစ်သလို အတုအယောင်ရွေးကောက်ပွဲမတိုင်မီ ၎င်းတို့၏အာဏာကို ထုတ်ဖော်ပြသခြင်းလည်းဖြစ်ကြောင်း Fortify Rights က သုံးသပ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ ပါရာမော်တာအချို့ကို ပြည်တွင်းမှာပဲ တပ်ဆင်ထုတ်လုပ်နေတယ်လို့ ယူဆရပြီး ၎င်းတို့ပေါ်မှ ကြဲချတဲ့ ဗုံးသီးများဟာ လမ်းညွှန်စနစ်မပါပေမဲ့ အနိမ့်ပျံသန်းနိုင်မှုကြောင့် အရပ်သားပစ်မှတ်များကို တိကျစွာ တိုက်ခိုက်နိုင်တယ်လို့ Fortify Rights က အသိပေးပါတယ်။
၂၀၂၅အတွင်း တိုက်ခိုက်မှုများဟာ တစ်နှစ်ပတ်လုံး မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ဧပြီ၊ သြဂုတ်၊ အောက်တိုဘာနဲ့ ဒီဇင်ဘာလများမှာ သိသာထင်ရှားစွာ တိုးမြှင့်ခဲ့ကြောင်း၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ညက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဆီမီးထွန်းပွဲ ဗုံးကြဲလို့ အရပ်သား အနည်းဆုံး ၂၄ ဦး သေဆုံးခဲ့ပြီး ဆယ်ချီ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း Fortify Rights က ထပ်မံ အသိပေးပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပါရာမော်တာနဲ့ ဂျိုင်ရိုကော့ပတာများရဲ့ တိုက်ခိုက်မှုများဟာ မြေပြင်ညီညာပြီး အနိမ့်ပျံသန်းဖို့ အဆင်ပြေတဲ့ နိုင်ငံအလယ်ပိုင်းနဲ့ မြေပြန့်ဒေသလို့ လူသိများတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတွေမှာ ပထမဦးစားပေး အရှိန်မြှင့်လုပ်ဆောင်နေတာကို တွေ့ရတယ်လို့ Fortify Rights ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီယာဉ်တွေဟာ အနိမ့်ပျံသန်းနိုင်ပြီး အရှိန်နှေးကွေးတာကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို အလွယ်တကူ ခံရနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အာဏာသိမ်းစစ်အုပ်စုဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မရှိတဲ့ သို့မဟုတ် ထိရောက်တဲ့ လေကြောင်းရန်ကာကွယ်ရေး စွမ်းရည် အားနည်းတဲ့ အတိုက်အခံထိန်းချုပ်နယ်မြေများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း၊ ပါရာမော်တာနဲ့ ဂျိုင်ရိုကော့ပတာ တိုက်ခိုက်မှုများဟာ လက်နက်မဲ့ အရပ်သားများကို ဦးတည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပိုမိုသက်သေပြနေပြီး စစ်ရာဇဝတ်မှု မြောက်စေတယ်လို့ Fortify Rights က အသိပေးပါတယ်။
ပါရာဗိုလ်တာများနဲ့ ဂျိုင်ရိုကော်ပတာများဟာ ပျံသန်းချိန် ၃နာရီအထိ ရှိသောကြောင့် ပစ်မှတ်ဧရိယာများပေါ်မှာ စစ်ဆေးရေးများကို ကြာရှည်စွာ လုပ်ဆောင်နိုင်ပြီး ထောက်လှမ်းရန် ခက်ခဲစေတယ်လို့ Fortify Rights က ဆိုပါတယ်။
အဲဒီယာဉ်တွေဟာ ပိတ်ဆို့အရေးယူမှု မရှိသေးတဲ့ အင်ဂျင်အစိတ်အပိုင်းများနဲ့ ရိုးရှင်းတဲ့ GPS လမ်းညွှန်ကိရိယာများ လိုအပ်တာကြောင့် ၎င်းတို့ကို အသုံးပြုခြင်းအားဖြင့် စစ်တပ်ဟာ လက်ရှိချမှတ်ထားတဲ့ လေယာဉ်ဆီ ပိတ်ဆို့အရေးယူမှုများနဲ့ အခြားပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်ကြောင်း Fortify Rights က ထောက်ပြပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ မြန်မာအာဏာသိမ်းစစ်အုပ်စုပေါ် ချမှတ်ထားပြီးဖြစ်တဲ့ တည်ရှိဆဲ ပိတ်ဆို့အရေးယူမှုများကို တင်းကျပ်စွာ အကောင်အထည်ဖော်ရမှာဖြစ်ပြီး လက်နက်များ၊ လေယာဉ်ဆီနဲ့ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံး စက်ကိရိယာများ သို့မဟုတ် နည်းပညာများ (dual-use equipment or technologies) ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းပေးပို့ခြင်းကို ထိရောက်စွာ တားမြစ်တဲ့ ပိတ်ဆို့အရေးယူမှုအသစ်များကိုလည်း ချမှတ်ရမယ်လို့ Fortify Rights ကအသိပေးထားပါတယ်။


















































