ဖေဖော်ဝါရီ-၅၊ ၂၀၂၆။ ဆန်အောင်/People’s Spring
ဘဝတူတော်လှန်ရေးအဖွဲ့အစည်းတွေထဲက ကချင်တော်လှန်ရေးအဖွဲ့အစည်းဟာ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေသောကာလဖြစ်ပြီး ကချင့်တော်လှန်ရေးအမြန်ဆုံးအောင်မြင် နိုင်ပါစေဟု တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော် (AA) ညီနောင်မဟာမိတ်သုံးဖွဲ့က ကချင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့ကို ညီနောင်သုံးဖွဲ့က သဝဏ်လွှာ ပေးပို့ခဲ့ရာမှာ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) မှ မျှော်မှန်းထားသော ရည်မှန်းချက်တွေနဲ့ ကချင်ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော မျှော်လင့်ချက်များ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
တော်လှန်ရေးအစမှ ယနေ့အထိ တော်လှန်ရေး ကာလ (၆၅)နှစ်အတွင်း အသက်၊ ဘဝ၊ ခန္ဓာ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြသော ကချင့်အာဇာနည်တွေနဲ့ သူရဲကောင်းအပေါင်းတို့အား ဦးညွှတ်အလေးပြုကြောင်းလည်း ဖော်ပြထားပါတယ်။

Public Service Announcement
ညီနောင်မဟာမိတ် သုံးဖွဲ့အနက် AAတစ်ဖွဲ့သာ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပြီး တအာင်းတပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ဟာ တရုတ်ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်စဲထားရတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
ကိုးကန့်တပ်မတော်က မဟာမိတ်တွေနဲ့ အတူ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးပြီး အပစ်ရပ်စဲရေး လုပ်ဆောင်ခဲ့ရတာ ဖြစ်သလို တအာင်းတပ်မတော်ကလည်း မဟာမိတ်တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီထံ ပြန်ပေးပြီး အပစ်ရပ်စဲထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
KIO/KIAကတော့ လက်ရှိမှာ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ တနိုင်း၊ မိုးညှင်း အင်းတော်ကြီးဒေသတွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးတွေမှာလည်း KIA တပ်တွေ ပါဝင်လျက်ရှိပါတယ်။
လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) အနေနဲ့ ရှေ့တန်းမှ ဦးဆောင်ပါဝင်နေပြီး ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့ ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့သို့ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


















































